မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်မှုများကို ANP ရှုတ်ချ

မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)က ယနေ့(စက်တင်ဘာလ ၂၉ ရက်)တွင် ထုတ်ပြန်လိုက်သည်။

29 Sep 2022

၂၀၁၉ ခုနှစ်က မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအတွင်း မြန်မာစစ်တပ်မှပစ်ခတ်သည့် လက်နက်ကြီးကျ၍ အရပ်သားများသေဆုံးခဲ့ရစဉ်။

DMG ၊ စက်တင်ဘာ ၂၉

မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)က ယနေ့(စက်တင်ဘာလ ၂၉ ရက်)တွင် ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်တွင်း စစ်ရေးတင်းမာလာပြီး အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိသူ တဖြည်းဖြည်းမြင့်တက်လာပြီးနောက် ယခင်က လူထုထောက်ခံမှုအများအပြားရရှိခဲ့သည့် ဒေသတွင်းပါတီက ထိုသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

“လောလောဆယ်ကျနော်တို့ကြားသိနေရတဲ့ သတင်းအရဆိုရင် အခုကျေးရွာတွေမှာ လူတွေထိခိုက်သေဆုံးမှုတွေ ရှိနေတယ်။ ဒီလိုဖြစ်စဉ်တွေဟာ ဖြစ်ဖို့မကောင်းဘူး။ ဘာလို့လဲဆိုတော့ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာတွေဟာ စစ်ရေးပစ်မှတ်မဟုတ်ပါ” ဟု ANP ဥက္ကဋ္ဌ ဦးသာထွန်းလှကပြောသည်။

ထို့ပြင် အရပ်သားပြည်သူများနေထိုင်သည့် ရပ်ရွာများကို လက်နက်ကိုင်တပ်ဖွဲ့များ အကာအကွယ်ပေးရမည့် စည်းမျဉ်းစည်းကမ်းရှိပြီးသားဖြစ်ပြီး အကာအကွယ်ပေးရမည့်တာဝန်လည်း ရှိပြီးသားဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“အဲဒီတပ်ဖွဲ့တွေရဲ့ ကျင့်ဝတ်တွေမှာလည်း ပါရှိနေပြီးသားဖြစ်တယ်။ ဒါကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ပြီး အသက်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ နေအိမ်တွေ ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်ပွားရအောင်အတွက် ခုလို ပြောဆိုရတာဖြစ်တယ်”ဟု ဦးသာထွန်းလှက ဆိုသည်။

ထို့ပြင် ရခိုင်ပြည်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများကို အကာအကွယ်ယူ၍ တိုက်ပွဲဖော်ဆောင်ခြင်းမပြုကြရန်လည်း လက်နက်ကိုင်အဖွဲ့အစည်းများအား မေတ္တာရပ်ခံသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အလားတူ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေကြသည့် INGO/NGO တို့အားလည်း ပိတ်ပင်ထားမှုကို ပြန်လည်ဖွင့်ပေးရန် တောင်းဆိုကြောင်း ဆိုထားသည်။

မြန်မာစစ်တပ်သည် စစ်ဘေးရှောင်များကို ကူညီရာတွင် အဓိကကျသည့် INGO/NGO တို့အား စစ်ရေးပြင်းထန်နေသည့် မြို့နယ်(၆)ခုသို့ အသွားအလာကန့်သတ်ကြောင်း စက်တင်ဘာလ ၁၅ ရက်က ကြေငြာခဲ့သည်။

“ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးကအစ လိုအပ်ချက်တွေကို လိုအပ်တဲ့နေရာကို လွတ်လွတ်လပ်လပ် သွားခွင့်မရဘဲရှိနေတယ်။ ခုလို ဆေးဝါးကအစ လူသုံးကုန်ပစ္စည်းတွေအပါအဝင် စားသောက်ကုန်ပစ္စည်းတွေကိုပါ ပိတ်ဆို့ထားတဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့် လူတွေရဲ့ အသက်ရှင်နေထိုင်နေမှု အခြေအနေတွေကိုပါ ထိခိုက်လာနိုင်တယ်လို့ ရှုမြင်သုံးသပ်တယ်”ဟု ဦးသာထွန်းလှက ဆိုသည်။

ထို့ပြင် စစ်ပွဲဧရိယာနှင့်စစ်ပွဲနှင့်မပတ်သက်သည့်နေရာများအပါအဝင် မြို့နယ်တစ်ချို့အား ကုန်းလမ်း၊ရေလမ်းများအား အကန့်အသတ်မရှိ ပိတ်ဆို့ထားသည်။ အဆိုပါဒေသရှိ ဒေသခံပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ(ANP)က ဆိုသည်။

ANP ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ANP ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ်၊ ပြည်ထောင်စုအဆင့် စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခကြောင့် သြဂုတ်လမှ ယနေ့အထိ အရပ်သား ၆ ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရရှိခဲ့သည်။ လက်ရှိတွင် စစ်ရေးပဋိပက္ခကြောင့် ထပ်တိုးစစ်ဘေးရှောင်ဦး‌ရေ ၉၀၀၀ ကျော်အထိ တိုးမြင့်လာပြီဖြစ်သည်။

ဗီဒီယိုများ