ည ၁၀ နာရီတွင် ဆိုင်ပိတ်ရမည့်အမိန့်ကြောင့် ဆိုင်ပိုင်ရှင်များနှင့် လက်လုပ်လက်စားများထိခိုက်

ပြည်နယ်မြို့တော် စစ်တွေတွင် ည ၁၀ နာရီမထိုးမီ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်နှင့် လမ်းဘေးဆိုင် စသည်တို့ကိုပိတ်ရမည်ဟု အမိန့်ထုတ်ပြန်ထားသောကြောင့် ဆိုင်ပိုင်ရှင်များနှင့် လက်လုပ်လက်စားဈေးသည်များမှာ စားဝတ်နေရေး ထိခိုက်မှုရှိကြသည်ဟုဆိုသည်။

27 Sep 2022

DMG ၊ စက်တင်ဘာ ၂၇

ပြည်နယ်မြို့တော် စစ်တွေတွင် ည ၁၀ နာရီမထိုးမီ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်နှင့် လမ်းဘေးဆိုင် စသည်တို့ကိုပိတ်ရမည်ဟု အမိန့်ထုတ်ပြန်ထားသောကြောင့် ဆိုင်ပိုင်ရှင်များနှင့် လက်လုပ်လက်စားဈေးသည်များမှာ စားဝတ်နေရေး ထိခိုက်မှုရှိကြသည်ဟုဆိုသည်။

အရက်ဆိုင်၊ KTV များအပါအဝင် အဆိုပါဆိုင်များအားလုံး လုံခြုံရေးအရပိတ်ရမည်ဟု စက်တင်ဘာလ ၂၄ ရက်နေ့တွင် စစ်တွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်လက်မှတ်ရေးထိုးပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဆိုင်ပိုင်ရှင်များမှာ ည ၉ နာရီခွဲမှစတင်ကာ ဆိုင်များကို ပိတ်သိမ်းလာရသောကြောင့် ယခင်ကကဲ့သို့ ရောင်းအားမကောင်းတော့ဟု စစ်တွေကမ်းခြေတွင် အကင်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ယနေ့ပြောသည်။

“၉ နာရီလောက်က ထိုင်နေတဲ့ဝိုင်းတစ်ဝိုင်းကို ၁၀ နာရီပိတ်မယ်။ သွားတော့ဆိုပြီး ပြောရတာမကောင်းဘူးလေ။ ဆိုတော့ ၈ နာရီလောက်မှ လာမယ့်လူတွေက ဆိုင်ကို ၉ နာရီနီးပါးလောက်ရောက်မယ်။ ဆိုင်ပိတ်ချိန်နီးသွားတော့ သူတို့လည်း မလာကြတော့ဘူးပေါ့။ ကျွန်တော်တို့အတွက် နစ်နာပါတယ်။ ကျောင်းသားတွေများတဲ့ ဒီအဝေးသင်ကာလမှာတောင် အရောင်းပါးပါတယ်။ အရင်ဆို မနက်၊ ညနေ ဆိုင်မှာလူအပြည့်။ ရောင်းအားတွေက ဒီရက်ပိုင်း သိသိသာသာကျဆင်းသွားပါတယ်”ဟု သူကပြောသည်။

ယခင်က ည ၁၁ နာရီကျော်ထိ ရောင်းရသော်လည်း ထိုသို့ထုတ်ပြန်ပြီးနောက်ပိုင်း အချိန်အကြာကြီးမရောင်းရဘဲ ည ၉ နာရီခန့်တွင် ဆိုင်စောစောပိတ်သိမ်းနေရသဖြင့် စားဝတ်နေရေးအခက်အခဲရှိသည်ဟု ရှုခင်းလမ်းတွင် အအေးနှင့် စားသောက်ဖွယ်များ ရောင်းချသူတစ်ဦးကဆိုသည်။

“အရင်ဆို ၁၁ နာရီကျော်လောက်ထိ ရောင်းရတယ်။ ကျွန်မတို့မှာက အအေးရည်တွေနဲ့ ကုန်စုံတွေရောင်းတာပါ။ အခုဆိုရင်  ၉ နာရီထိုးတာနဲ့ ဆိုင်လေးကို မိုးကာချုပ်ပြီးပိတ်ရတယ်။ ပြီးရင် အိမ်ပြန်ပြီ။ မဟုတ်ရင် ရဲတွေ၊ စစ်သားတွေနဲ့ ထိပ်တိုက်တွေ့ပြီးစကားပြောနေရရင် မကောင်းပါဘူးလေ“ဟု သူကပြောသည်။

ထို့ပြင် ည ၁၀ နာရီမထိုးမီ ဆိုင်များပိတ်သိမ်းထားရသောကြောင့် လမ်းတွင် သွားလာသူနည်းပါးသွားသဖြင့် ယခင်ကကဲ့သို့ ခရီးသည်များမရရှိတော့ကြောင့် ဘီလူးမတံတားအနီးမှ ဘေးတွဲမောင်းသူ ကိုစုကဆိုသည်။

“အရင်ကဆို ၁၀ နာရီ ၁၁ နာရီကျော်လောက်ထိ ခရီးသည်တွေရှာလို့ရသေးတယ်။ နောက်ပိုင်းလမ်းမှာက ဆိုင်တော်တော်များများလည်း ပိတ်သွားတော့ လမ်းမှာလူနည်းသွားတယ်။ အရင်လို ခရီးသည်တွေလည်း သိပ်မရတော့ ကျွန်တော်တို့အတွက် ဝင်ငွေနည်းနည်းလျော့တာပေါ့”ဟု သူကပြောသည်။

ထိုသို့ အမိန့်ထုတ်ပြန်ထားသည့်အတွက် လမ်းဘေးဆိုင်များနှင့် လက်လုပ်လက်စားသမားများမှာ အခက်တွေ့ ရသည့်အတွက် အချိန်အနည်းငယ်ဖြစ်ဖြစ် နောက်ဆုတ်ပေးသင့်ကြောင်း စစ်တွေဒေသခံ ကိုအောင်နိုင်ထွန်းကပြောသည်။

“အခုလို အမိန့်ထုတ်လိုက်တော့ မြင်ရတဲ့အတိုင်းပါပဲ။ အားလုံးထိခိုက်တာပေါ့လေ။ အရေးပေါ်ကျန်းမာရေးအရ ဆေးရုံးသွားမယ်ဆိုရင်လည်း ကားငှားဖို့ကမလွယ်ဘူးလေ။ ၁၂ နာရီလောက်ပဲဖြစ်ဖြစ် နောက်ဆုတ်ပေးသင့်ပါတယ်။ အလုပ်က နောက်ကျမှပြန်ရတတ်တဲ့ ကျွန်တော်တို့ဆိုလည်း နည်းနည်းစိုးရိမ်ရပါတယ်“ဟု သူကပြောသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင် စသည့်မြို့နယ်များတွင်လည်း ညမထွက်ရအမိန့်များကို အသီးသီးထုတ်ပြန်ထာသည်။ တစ်ဖက်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့လည်း မြို့နယ်အနှံ့တွင် တိုက်ပွဲဖြစ်ပွားနေသည်။

ဗီဒီယိုများ