- နောင်ချိုက ထိန်းချုပ်နယ်မြေအချို့ TNLA ထပ်မံ လက်လွှတ်နေရ
- အကျပ်အတည်းများကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မွတ်ဆလင်အချို့ ရခိုင်သို့ ဝင်ရောက်မှုရှိနေ
- UWSA ဒေသတွင် မြေရှားသတ္တုတူးဖော်မှု သံလွင်နှင့် မဲခေါင်မြစ်ဝှမ်းအထိ ဆိုးကျိုးသက်ရောက်နိုင်
- နွေဦးတော်လှန်ရေး ဦးဆောင်မှုကဏ္ဍတွင် အမျိုးသမီးပါဝင်ခွင့် အားနည်းနေသေး
- မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြောင့် လုံခြုံရေးအန္တရာယ်သစ် ပေါ်လာမည့်အလားလာရှိဟု ဘင်္ဂလားဒေ့ရှ်က ကုလတွင် သတိပေး
မြေပုံမြို့နှင့် မင်းပြားမြို့များတွင် ငါးသလောက်ဖမ်းဆီးခြင်းမပြုရန် အမိန့်ထုတ်
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် အုန်းကျွန်းခွဆုံမှ မင်းပြားမြို့နယ် မေလွန်းကျေးရွာအထိ အလျား ၆ မိုင်ခန့်ရှိသည့် သတ်မှတ်ဧရိယာ ၂၀၆၅ ဧကအား ငါးသလောက်မဖမ်းဆီးရနယ်မြေအဖြစ် မတ်လ ၁ ရက်နေ့ရက်စွဲဖြင့် ညွှန်ကြားကာ ဒေသခံများကိုသတိပေးထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
04 Mar 2022
DMG ၊ မတ် ၄
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် အုန်းကျွန်းခွဆုံမှ မင်းပြားမြို့နယ် မေလွန်းကျေးရွာအထိ အလျား ၆ မိုင်ခန့်ရှိသည့် သတ်မှတ်ဧရိယာ ၂၀၆၅ ဧကအား ငါးသလောက်မဖမ်းဆီးရနယ်မြေအဖြစ် မတ်လ ၁ ရက်နေ့ရက်စွဲဖြင့် ညွှန်ကြားကာ ဒေသခံများကိုသတိပေးထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ယင်းသို့ ငါးသလောက်မဖမ်းရအမိန့်ကို နှစ်စဉ် ဧပြီ(၁)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိနှင့် စက်တင်ဘာလ(၁)ရက်နေ့မှ အောက်တိုဘာလ(၃၁)နေ့အထိ တစ်နှစ်လျှင်နှစ်ကြိမ်စီတားမြစ်ကာလအဖြစ် သတ်မှတ်ထားကြောင်း မြေပုံမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးတင်မောင်ရွှေက DMG ကိုပြောသည်။
“မင်းကြောင်းမြစ်ကြောင်း မြေပုံမြို့နယ် အုန်းကျွန်းခွဆုံကနေ မင်းပြားမြို့နယ် မေလွန်းကျေးရွာအထိကို ငါးသလောက်မ ဖမ်းရ နယ်မြေသတ်မှတ်လိုက်တယ်။ အလျားဆို ၆ မိုင်လောက်ရှိမယ်။ဧရိယာအနေနဲ့ဆိုရင် ၂၀၆၅ ဧကရှိတယ်”ဟု ဦးတင်မောင်ရွှေကပြောသည်။
ယင်းသို့တားမြစ်ခြင်းမှာ မကြာမီ ငါးသလောက်များ ဥ ဥရန်ရေချိုသို့သွားကြပြီး ရေငန်သို့ ဥ ဥပြီးပြန်ဆင်းမည့် အချိန်တလကျော်ခန့်ကြာမြင့်မည်ဖြစ်ကာ ယင်းငါးသလောက်များ ပြန်ဆင်းမည့်လမ်းကြောင်းအား ငါးမဖမ်းရနယ်မြေအဖြစ်သတ်မှတ်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူး ဦးသက်ဦးက DMG သို့ ပြောသည်။
“ငါးသလောက်တွေ ဥတတ်ချပြီး ပြန်ဆင်းမယ့်လမ်းကြောင်းကိုသတ်မှတ်ထားတာဖြစ်တယ်။ (သူတို့က)ရေငံမှာနေတယ်။ ရေချိုမှာဥချတယ်။ ပြီးရင်ရေငံကိုပြန်ဆင်းတယ်။ ဒါကြောင့် အဲဒီလမ်းကြောင်းကိုရွေးထားတာ။ ရခိုင်မှာ ဒီတစ်နေရာထဲတော့မဟုတ်ဘူး။ ထပ်ထုတ်ပြန်ဖို့ရှိတယ်။ နောက်ထပ်ငါးသလောက်တွေ တက်နိုင်ဆင်းနိုင်တဲ့နေရာကိုရှာနေတယ်။ နောက်တစ်နေရာက ပေါက်တောဘက်ဖြစ်ဖို့များတယ်”ဟု ဦးသက်ဦးကပြောသည်။
ထိုသို့တားမြစ်ခြင်းမှာ ငါးသလောက်များ ရေရှည်တည်တံ့စေရေး အတွက်ဖြစ်ပြီး တားမြစ်ချက်ကိုမလိုက်နာပါက ငါးသယံဇာတ တားဆီးရေးဥပဒေပုဒ်မ- ၅၃(ဃ)(င)တို့အရ ပုဒ်မ- ၆၆(ခ)ဖြင့် ငွေကျပ်တစ်သိန်းထက်မပိုသော ဒဏ်ငွေဖြစ်စေ၊ တစ်နှစ်ထ က်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်သည်။
ငါးသလောက်များကိုထိန်းသိမ်းရေးအတွက် ပြီးခဲ့သည့်မတ်လ ၁ ရက်နေ့က ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ မင်းကြောင်းမြစ်ချောင်းရှိ ကျောက်ငနွားကျေးရွာတွင် ဒေသခံပြည်သူများသို့ ငါးသလောက်သယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
အလားတူ မြန်မာတစ်နိုင်ငံလုံးတွင် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ် မင်းကြောင်းမြစ်ကြောင်း စသည့်ငါးသလောက်ထိန်းသိမ်းရေးဧရိယာ ၁၁ နေရာရှိကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။