- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ဂွမြို့နယ်မှ စေတီတစ်ဆူ ဒုတိယအကြိမ်မြောက် ဌာပနာဖောက်ထွင်းခံရ
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ချင်းကုန်းကျေးရွာအနီးရှိ လောဘသုခစေတီမှာ ဒုတိယအကြိမ်မြောက် ဌာပနာဖောက်ထွင်းခံရကြောင်း ယင်းကျေးရွာသားများက ပြောသည်။
11 Dec 2021
DMG ၊ ဒီဇင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ချင်းကုန်းကျေးရွာအနီးရှိ လောဘသုခစေတီမှာ ဒုတိယအကြိမ်မြောက် ဌာပနာဖောက်ထွင်းခံရကြောင်း ယင်းကျေးရွာသားများက ပြောသည်။
အဆိုပါစေတီဝန်းကျင်ရှိ ခြုံနွယ်များကိုရှင်းလင်းရန် ကျေးရွာသားများက ယနေ့(ဒီဇင်ဘာလ ၁၀ ရက်)တွင်သွားရောက်ခဲ့စဉ် စေတီဌာပနာဖောက်ထွင်းခံထားရသည်ကို မြင်တွေ့ခဲ့ရကြောင်း ချင်းကုန်းကျေးရွာသား ဦးမောင်လှကပြောသည်။
“ဒီစေတီက အရင်တစ်ကြိမ်တုန်းကလည်း ဌာပနာအဖောက်ခံရတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က စေတီကိုပြန်လည်ပြုပြင်ပြီးတော့ ရွှေစငွေစတွေထည့်ပြီး ဌာပနာတည်ခဲ့တာပေါ့နော်။ ဒါပေမဲ့ ဌာပနာထပ်ဖောက်ခံရတယ်”ဟု ၎င်းကဆိုသည်။
ပထမတစ်ကြိမ်ဖောက်ထွင်းခံရစဉ်က စေတီအတွင်းရှိ ရွှေပန်းခိုင်၊ ငွေပန်းခိုင်များခိုးယူခံခဲ့ရကြောင်း ဒေသခံကျေးရွာသားများထံမှ သိရသည်။
ချင်းကုန်းကျေးရွာမှ ကျောင်းထိုင်ဆရာတော်ဦးသုမနက "ဘုရားဌာပနာဖောက်တာက ကြာပြီးနဲ့တူတယ်။ သိတာက မနေ့ကစေတီတော်မြတ်ကိုခြုံခုတ်တဲ့အခါမှသိတာ။ ဘာမှတော့ယူသွားတာတော့မရှိဘူး။ အဖိုးတန်ပစ္စည်းတွေကလဲ စေတီထဲမှာမရှိဘူး"ဟု မိန့်ကြားသည်။
ဗုဒ္ဓဘာသာတို့၏ အထွဋ်အမြတ်ထားရာ ဘုရားစေတီအား လောဘစိတ်ဖြင့်ဖောက်ထွင်းခြင်းအပေါ် အလွန်စိတ်မကောင်းဖြစ်မိကြောင်း ဆရာတော်ကမိန့်သည်။
အဆိုပါစေတီမှာ သက်တမ်း ၇၀၀ ကျော်ပြီဖြစ်ကာ ၂၀၁၉ ခုနှစ်က စေတီအားပြန်မွမ်းမံထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိမှာ စေတီမှဖောက်ထွင်းခံထားသည့်အပေါက်အား ပြန်လည်ပိတ်ထားပြီးဖြစ်ကာ ယခုကဲ့သို့ဖောက်ထွင်းခြင်းအပေါ် အမှုမဖွင့်တော့ကြောင်း ဒေသခံကျေးရွာသားများကပြောဆိုသည်။