စစ်ရေးတင်းမာနေမှုကြောင့် မဟာမုနိဘုရားသိမ်တော်တိုင်များ မွမ်းမံမှု ကြန့်ကြာနေ

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာနေမှုကြောင့် ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရားသိမ်တော်တိုင်များကို မွမ်းမံဆောက်လုပ်ရာတွင် ကြန့်ကြာမှုများရှိနေကြောင်း သိမ်တိုင်မွမ်းမံပြုပြင်ရေးဆောင်ရွက်နေသည့် တာဝန်ရှိသူများကပြောသည်။

05 Aug 2022

မဟာမုနိဘုရားရင်ပြင်တွင် မွမ်းမံနေသည့် သိမ်တော်တိုင်များ။

DMG ၊ သြဂုတ် ၅

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာနေမှုကြောင့် ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရားသိမ်တော်တိုင်များကို မွမ်းမံဆောက်လုပ်ရာတွင် ကြန့်ကြာမှုများရှိနေကြောင်း သိမ်တိုင်မွမ်းမံပြုပြင်ရေးဆောင်ရွက်နေသည့် တာဝန်ရှိသူများကပြောသည်။

သိမ်တိုင်မွမ်းမံဆောက်လုပ်ရာတွင် အဓိကအခြေခံအလုပ်သမားများမှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးတို့မှဖြစ်ကြပြီး ၎င်းတို့မှာ လမ်းခရီး၌ စစ်ဆေးမှုများရှိမည်ကိုစိုးရိမ်၍ မလာရဲကြကြောင်း သိရသည်။

လတ်တလောတွင် သိမ်တိုင်မွမ်းမံရေးလုပ်ဆောင်နေသည့် အလုပ်သမား ၁၀၀ ဦးခန့်ရှိသော်လည်း ထပ်မံ၍ အလုပ်သမားလိုအပ်ချက်များရှိသည်ဟု မဟာမုနိဘုရားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"အခြေခံအလုပ်သမားတွေလည်း တခါတလေမလာဝံ့ကြဘူး။ ဆိုတော့ အထက်ကအင်ဂျင်နီယာတွေလည်း အလုပ်မဖြစ်ဘူးပေါ့။ တစ်ရက်လုပ်ရမယ့်အလုပ်ကို ၅ ရက်လောက် လုပ်လိုက်ရတွေရှိတယ်။ အဓိကတော့ ကျွမ်းကျင်အလုပ်သမားတွေလည်း လုံလုံလောက်လောက်မရှိဘူး။ ဒေသမတည်ငြိမ်တာရယ်ရော ပါတာပေါ့”ဟု ၎င်းကဆိုသည်။

ထို့အပြင် ပြည်မမှ ပစ္စည်းများဝယ်ယူရာတွင်လည်း နယ်လုံဝန်ကြီးလက်မှတ်ဖြင့်သာ လမ်းခရီးဖြတ်သန်းခွင့်ရသည့်အတွက် ကြန့်ကြာမှုများရှိနေသည်ဟု ဆိုသည်။

မဟာမုနိဘုရားသိမ်တော်တိုင်များကို မွမ်းမံတည်ဆောက်ရာတွင် ရှေးခေတ်ရခိုင်မူအတိုင်း ကနုတ်ပန်းများ၊ ရုပ်ထုများဖြင့် အသေးစိတ်ထွင်းထုရသည့်အတွက်လည်း လုပ်ငန်းကြာရှည်နေရကြောင်း သိရသည်။

အဆိုပါသိမ်တော်တိုင်များကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်မွမ်းမံခဲ့ခြင်းဖြစ်ကာ အချိန်တစ်နှစ်ကျော်ကာလအတွင်း သိမ်တိုင်မွမ်းမံမှုတညဆောက်မှု ၃၀ ရာခိုင်နှုန်းခန့်သာ ပြီးစီးသေးကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခုကတော့ အလုပ်တွေကို ဆက်တိုက်လုပ်နေတယ်ပေါ့။ ဘုရားရင်ပြင်ထဲက သိမ်တိုင် ၂၈ တိုင်က ပြီးစီးတော့မယ်။ အပြင်က ဘုံပြသာဒ်အဆောင်က သိမ်တိုင်တွေကိုတော့ မလုပ်ရသေးဘူး။ အသေးစိတ်ဆန်ဆန် ပန်းကနုတ်တွေထွင်းရတော့ သတ်မှတ်ချိန်ထက် အများကြီးကြန့်ကြာနေပါတယ်”ဟု မဟာမုနိဘုရားဂေါပကအဖွဲ့ဝင် ဦးညိုသာလှကဆိုသည်။

လက်ရှိမွမ်းမံနေသည့် သိမ်တော်တိုင်များမှာ မဟာမုနိဘုရားရင်ပြင်မှ သိမ်တိုင် ၂၈ လုံး၊ နံရံကပ်တိုင် ၂၀ လုံး၊ အနောက်ဘက် အာရုံခံ ဘုံပြသာဒ်ဆောင်တွင် ၂၄ လုံး၊ တောင်ဘက်အာရုံခံ ဘုံပြသာဒ်ဆောင်တွင် ၈ လုံး၊ မြောက်ဘက်အာရုံခံ ဘုံပြသာဒ်ဆောင်တွင် ၈ လုံး၊ အရှေ့ဘက်အာရုံခံ ဘုံပြသာဒ်ဆောင်တွင် ၃၂ လုံးတို့ကို ပြုပြင်မွမ်းမံနေခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့မှသိရသည်။

သိမ်တိုင်မွမ်းမံရာမှာ လိုအပ်သည့်ပစ္စည်းများကို ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့နယ်များမှ ဝယ်ယူရပြီး လတ်တလောတွင် ဈေးနှုန်းမြင့်တက်မှုများ ကြုံတွေ့နေရကြောင်းလည်း သိရသည်။

ဂေါပကအဖွဲ့ဝင် ဦးညိုသာလှက "ပစ္စည်းဈေးနှုန်းတွေလည်း အရမ်းဈေးတက်နေတယ်။ ပစ္စည်းအခု ၁၀၀ ဝယ်လို့ရမဲ့ငွေကို ပစ္စည်းအခု ၃၀ လောက်ပဲ ဝယ်လို့ရတော့တယ်။ ဆိုတော့ အလှူငွေတွေလည်း လိုအပ်လာမယ်လို့ဆိုလို့ရတယ်။ အဲဒါကြောင့် အလှူရှင်တွေအနေနဲ့လည်း အုတ်တစ်ချပ်၊သဲတပွင့် နိုင်တဲ့ဘက်က လှူဒါန်းနိုင်ပါတယ်လို့ပြောချင်ပါတယ်”ဟု ပြောဆိုထားသည်။

လက်ရှိလုပ်ဆောင်နေသည့် မဟာမုနိဘုရားသိမ်တော်တိုင်များကို မြောက်ဦးမြို့ ရတနာ့မာန်အောင်ဆရာတော်ကြီး အရှင်ဝါယာမိန္ဒမှဦးဆောင်ကာပြုလုပ်နေခြင်းဖြစ်ကာ သိမ်တိုင်များကို နှစ်ပေါင်းရာချီခိုင်ခံ့အောင် မွမ်းမံလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ