မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် ရခိုင်က အထင်ကရ ဘုရားစေတီများကို ငွေကြေးအခက်ခဲကြောင့် မပြုပြင်နိုင်သေး

“မိုခါ” မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် ရခိုင်ပြည်အတွင်းက အထင်ကရ ဘုရားပုထိုး၊ စေတီများကို ပြန်လည်ပြုပြင်ရန် ငွေကြေးအခက်အခဲရှိနေကြောင်း သိရသည်။

By Admin 21 Oct 2023

ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းရှိ ဗုဒ္ဓပါဒခြေတော်ရာဘုရားမှ သာသနိကအဆောက်အအုံများ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။
ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းရှိ ဗုဒ္ဓပါဒခြေတော်ရာဘုရားမှ သာသနိကအဆောက်အအုံများ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၁

“မိုခါ” မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် ရခိုင်ပြည်အတွင်းက အထင်ကရ ဘုရားပုထိုး၊ စေတီများကို ပြန်လည်ပြုပြင်ရန် ငွေကြေးအခက်အခဲရှိနေကြောင်း သိရသည်။

ဘုရားဖူးအရောက်များပြားသည့် ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တို့မှ အထင်ကရ ဘုရားပုထိုး၊ စေတီများကို မုန်တိုင်းအလွန် ၅ လကျော်ကြာထိ ပြန်လည်မပြုပြင်နိုင်သေးကြောင်း ဘုရားဂေါပကများကပြောသည်။

“သီတင်းကျွတ်လည်း လာတော့မယ်ဆိုတော့ ပျက်စီးသွားတာတွေကို ပြန်မပြင်ရင် ဘုရားဖူးခရီးသွားတွေ ဘယ်လိုနေထိုင်ကြမလဲဆိုတာကို တွေးလို့မရသေးဘူး။ ပြန်ပြင်ဖို့အတွက် ဂေါပကရန်ပုံငွေနဲ့လည်း မလောက်ငှဘူး။ ဆံတော်ရှင်စေတီလည်း အက်ကွဲသွားတာတွေရှိတယ်” ဟု ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ဘုရား ဂေါပကအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှရွှေကပြောသည်။

ဆံတော်ရှင်စေတီအပါအဝင် ပျက်စီးသွားသည့် သာသနိကအဆောက်အအုံများအား ပြန်လည်ပြုပြင်ရန် ငွေကျပ်သိန်း ၂,၀၀၀ ခန့်လိုအပ်ပြီး ဂေါပကရန်ပုံငွေမှာ ငွေကျပ်သိန်း ၂၀၀ ကျော်သာရှိ၍ ပြန်လည်ပြုပြင်ရန် အခက်အခဲရှိသည်ဟု ဦးလှရွှေက ဆက်ပြောသည်။

ဆံတော်ရှင်စေတီနှင့် သာသနိကအဆောက်အအုံများ ပျက်စီးမှုအခြေအနေများကို စစ်ကောင်စီထံ တင်ပြထားသော်လည်း ကူညီထောက်ပံ့မှု မရရှိသေးကြောင်း သိရသည်။

အလားတူ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းရှိ ဗုဒ္ဓပါဒခြေတော်ရာတွင် ဆောက်လုပ်ထားသည့် သာသနိက အဆောက်အအုံများမှာလည်း မုန်တိုင်းကြောင့်ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

“ဦးဇင်း သီတင်းသုံးဖို့ ကျောင်းလည်းမရှိသေးဘူး။ ကျောင်းက အားလုံးပျက်စီးသွားတယ်။ စစ်တွေက အလိုတော်ပြည့် ဆရာတော်ကြီးရဲ့ လှူဒါန်းမှုနဲ့ တချို့တော့ ပြန်ပြင်ထားတာတော့ရှိတယ်” ဟု ဗုဒ္ဓပါဒခြေတော်ရာဘုရား အလိုတော်ပြည့်ကျောင်းမှ ဆရာတော် ဦးအဂ္ဂက မိန့်သည်။

ခြေတော်ရာဘုရားတွင် သာသနိကအဆောက်အအုံ၊ ဘုရားသို့တက်သည့် လမ်း၊ တံတား၊ စောင်းတန်း စသည်တို့ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ပြီး တန်ဖိုးအားဖြင့် စုစုပေါင်းငွေကျပ်သိန်း ၂၀,၀၀၀ ခန့်ရှိပြီး ပြန်လည်ပြုပြင်ရန် ငွေကျပ်သိန်း ၁၀,၀၀၀ ခန့် လိုအပ်နေသေးကြောင်း သိရသည်။

ခြေတော်ရာဘုရားတွင် ပျက်စီးသွားသည့် သာသနိကအဆောက်အအုံများကို ပြန်လည်ပြုပြင်ရန် စစ်ကောင်စီထံမှ သွပ်အချပ်ရေ ၃၀၀ ခန့်နှင့် သစ် ၂ တန် ထောက်ပံ့ထားကြောင်းလည်း သိရသည်။

အထင်ကရ ဘုရားပုထိုးစေတီ ဧရိယာများတွင် ဘုရားဖူးခရီးသည်များ နားခိုရန် စိုက်ပျိုးထားသည့် အရိပ်ရသစ်ပင်များမှာလည်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။ ပွင့်လင်းရာသီတွင် ရခိုင်ဒေသခံများမှာ အထင်ကရ ဘုရားပုထိုး၊ စေတီများသို့ သွားရောက်လည်ပတ်လေ့ ရှိကြသည်။

“ပွင့်လင်းရာသီကို ရောက်တော့မှာဖြစ်တဲ့အတွက် အထင်ကရနေရာတွေကို ဘုရားဖူးသွားကြတော့မှာ။ အခုထိ အဲဒီနေရာတွေကို မလုပ်ရသေးရင် သွားဖို့က တွန့်ဆုတ်သွားတာပေါ့။ ဘာကြောင့်လဲဆိုရင် နားနားနေနေအတွက်လည်း သစ်ပင်တွေ၊ အဆောက်အအုံတွေမှ မရှိတော့တာ” ဟု စစ်တွေမြို့မှ မစိုးယုနွယ်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ပဋိပက္ခများနှင့် ကုန်ဈေးနှုန်း မြင့်တက်နေမှုတို့ကြောင့် ပြည်သူများမှာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေကြရပြီး ဘုရားဂေါပကများမှာလည်း အလှူငွေများကို ယခင်ကကဲ့သို့ မရရှိတော့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဦးရာဇ်တော်ဓာတ်စေတီနှင့် ဂူဝဘုရားတို့တွင် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် သာသနိက အဆောက်အအုံများမှာလည်း လက်ရှိအချိန်အထိ ပြန်လည်ပြုပြင်ရန် အခက်အခဲရှိနေသေးကြောင်း သိရသည်။

“ဒီကာလက ပြည်သူတွေ စားဝတ်နေရေးကျပ်တည်းကြတယ်။ အဲဒါကြောင့် ခရီးသွားပြီးအလှူခံတာတွေ သိပ်မလုပ်ဖြစ်ဘူး။ ဘုရားမှာနေပြီးတော့ပဲ အလှူခံတာရှိတယ်။ ပြည်သူတွေလည်း ကျပ်တည်းကြတော့ အလှူတွေက သိပ်မရဘူး‌လေ။ အဲဒါကြောင့် ပြန်မပြင်ရသေးတာတွေ အများကြီးပဲ” ဟု ပုဏ္ဏားကျွန်းမြို့၊ ဂေါပကအဖွဲ့မှ အဖွဲ့ဝင် ဦးစံလှက ပြောသည်။

ဂူဝဘုရားတွင် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးတန်ဖိုးမှာ ငွေကျပ်သိန်း ၁,၈၀၀ ခန့််ရှိပြီး ဦးရာဇ်တော်ဓာတ်စေတီမှာလည်း အပျက်အစီးများကိုပြုပြင်ရန် ငွေကျပ်သိန်း ၂,၅၀၀ ခန့် လိုအပ်သည်ဟု ဂေါပကအဖွဲ့ဝင်များ ပြောကြားချက်အရ သိရသည်။

စစ်ကောင်စီက မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ဘာသာရေးအဆောက်အအုံများကို ဦးစားပေးကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟု ပြောဆိုထားသော်လည်း မြေပြင်တွင် လုံလောက်သည့်အကူအညီများ မရရှိသေးကြောင်း ဂေါပကအဖွဲ့ဝင်များကပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “ မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် လူပေါင်း ၁၁ သိန်းကျော် ထိခိုက်နစ်နာခဲ့ရပြီး အဆောက်အအုံပေါင်း နှစ်သောင်းလေးထောင်ကျော် ပျက်စီးခဲ့သည်ဟု ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ