တောင်ကုတ်ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ထပ်မံဖမ်းဆီး

တောင်ကုတ်မြို့နယ်၊ ကိုင်းရှည်ရပ်ကွက်မှ ကိုဇော်မျိုးထွန်း (ခ) ငပွနှင့် ကိုင်းရှည်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်လှိုင်တို့ကို မြန်မာစစ်တပ်မှ စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ စက်တင်ဘာလ ၁၉ ရက်နေ့တွင် လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

21 Sep 2022

DMG ၊ စက်တင်ဘာလ ၂၁

တောင်ကုတ်မြို့နယ်၊ ကိုင်းရှည်ရပ်ကွက်မှ ကိုဇော်မျိုးထွန်း (ခ) ငပွနှင့် ကိုင်းရှည်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်လှိုင်တို့ကို မြန်မာစစ်တပ်မှ စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ စက်တင်ဘာလ ၁၉ ရက်နေ့တွင် လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

"ပြန်လို့တော့ မလွတ်သေးဘူး။ စစ်ဆေးမေးမြန်းစရာရှိလို့ ဆိုပြီးခေါ်သွားတာပါ။ အခုတော့ စစ်တပ်ထဲမှာလို့သိရတယ်။ သူတို့ နှစ်ယောက်စလုံးကိုက အေအေနဲ့ ဆက်နွယ်မှုရှိတယ်လို့ တိုင်ကြားတဲ့လူတွေရှိတယ်လို့ သိရတယ်"ဟု ကိုဇော်မျိုးထွန်း၏ မိသားစုဝင်တစ်ဦးကပြောသည်။

ယခင်ကလည်း ကိုဇော်မျိုးထွန်း (ခ) ငပွကို မြန်မာစစ်တပ်မှ နှစ်ကြိမ်အထိ ခေါ်ယူစစ်ဆေးမှုရှိခဲ့ကြောင်းလည်း သိရသည်။

ယခုဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုင်းရှည်လူမှုကူညီရေးအသင်းမှဖြစ်ပြီး လူမှုရေးလုပ်ငန်းကို လုပ်ကိုင်နေကြသူများသာဖြစ်ကြောင်း မိသားစုဝင်များကပြောဆိုသည်။

ယခုလအတွင်း တောင်ကုတ်မြို့နယ်မှဖမ်းဆီးခံခဲ့ရသူ ၅ ဦးထဲမှ ချောင်းကောက်ရပ်ကွက်မှ ဦးထွန်းချစ်နှင့် ရှုထောင့်သတင်းစုံဂျာနယ်(SH)တွင် လုပ်ကိုင်နေသည့် ရဲသတင်းပေး ကိုဦးနှင့် ကိုစိုးဝင်းချေတို့ကို စက်တင်ဘာ ၁၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်းလည်း သိရသည်။

"SH သတင်းထောက်(၂)ယောက်ကိုတော့ လူမှားပြီးဖမ်းတာလို့ သိရတယ်။ အခု ဦးချစ်ထွန်းကိုလည်း နည်းနည်းစစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့သိရတယ်"ဟု ဦးချစ်ထွန်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

သို့သော် မှော်ဟင်းတောရပ်ကွက်မှ ဦးကျော်သောင်းနှင့် ကင်းတောင်ကျေးရွာမှ ကိုမိုးဟိန်းတို့မှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်။

လက်ရှိဖမ်းဆီးခံထားရသည့် အသက် ၁၈ နှစ်အရွယ် ကိုမိုးဟိန်းမှာ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးသဖြင့် စိုးရိမ်နေရကြောင်း ဖခင်ဖြစ်သူ ဦးဇော်လွင်ကပြောသည်။

"ကျနော်တို့က ပန်းတင်ကျွန်းက ဒီမှာလာပြီး အလုပ်လုပ်နေကြတာပါ။ ကျနော့်သားက သစ်ဆွဲတဲ့အလုပ်ကို လုပ်ပါတယ်။ (၁၈)ရက်နေ့က သစ်ဆွဲလို့ပြန်အလာ သစ်တောရုံးနားမှာ ဖမ်းသွားတာလို့ မျက်မြင်တွေပြောချက်အရ သိရပါတယ်။ သူတို့ ကျနော့်သားကိုဖမ်းပြီး ကျနော့်အိမ်ကို ညဖက် အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သားအင်အား(၂၀)လောက်ရောက်လာပြီး အိမ်ပေါ်ကိုတက်ပြီး ရှာဖွေတာတွေလုပ်ခဲ့ပါတယ်"ဟု ၎င်းကဆိုသည်။

တောင်ကုတ်မြို့အတွင်းဝင်ရောက်လာသည့် မြန်မာစစ်တပ်၏ ရိက္ခာသယ်ဆောင်လာသည့် ထောက်ပို့ရေယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော်(AA)မှ စက်တင်ဘာလ(၁၆)ရက်နေ့တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီးနောက်တွင် မြန်မာစစ်တပ်မှ တောင်ကုတ်မြို့အတွင်း ဒေသခံများကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

ဗီဒီယိုများ