- ရခိုင်တွင် စက်ပစ္စည်းရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်
- စစ်တလင်းမှ မသန်စွမ်း အမျိုးသမီးများ
- ရေကြည်တွင် ရခိုင်စစ်ရှောင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
- မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များအား အကြမ်းဖက်ဖမ်းဆီးနေခြင်းအား ရပ်တန့်ရန် မလေးရှားအစိုးရကို တောင်းဆို
- မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း ပြန်ဖွင့်ရန် ညီနောင်(၃)ဖွဲ့ ပြင်ဆင်လာ
မင်းပြားဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွား
ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က ယနေ့(စက်တင်ဘာလ ၂၀ ရက်)၊ နံနက် ၂ နာရီခန့်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။
20 Sep 2022
DMG ၊ စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က ယနေ့(စက်တင်ဘာလ ၂၀ ရက်)၊ နံနက် ၂ နာရီခန့်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။
ဖမ်းဆီးခံရသူများမှာ သပြေညိုရပ်ကွက်မှ အသက် ၄၁ နှစ်အရွယ် ဦးညီညီနှင့် ပြည်တော်လှရပ်ကွက်မှ အသက် ၃၇ နှစ်အရွယ် ကိုမောင်မောင်တို့ဖြစ်သည်။ မြန်မာစစ်တပ် တပ်ဖွဲ့ဝင် ၅၀ ကျော်သည် မြို့ထဲတွင် လှည့်ပတ်သွားလာပြီးနောက် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးသွားခြင်းဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
"သူတို့စစ်ကြောင်းဝင်လာတာနဲ့ မင်းပြားမြို့ကို မီးဖြတ်ပစ်တယ်။စစ်သားတွေကလည်း မြို့ထဲတွေ၊ ပိတ်ထားတဲ့ဈေးဆိုင်ရှေ့တွေရှေ့မှာ လုံခြုံရေးယူထားသလိုလို၊ ဘာလိုလိုနဲ့ နေရာယူထားကြတယ်။ ပြီးတော့ လူနှစ်ယောက်ကို ဝင်ဖမ်းသွားတယ်။ သူတို့မြို့ထဲကထွက်မှ မီးပြန်လာတယ်"ဟု ၎င်းကပြောသည်။
အဆိုပါဖမ်းဆီးခံရသူ ၂ ဦးကို ဖမ်းဆီးသွားစဉ်က ရဲစခန်းသို့ ခေါ်သွားကြောင်း အနီးအနားမျက်မြင်များက ပြောဆိုသော်လည်း နံနက်ပိုင်းတွင် ရဲစခန်း၌မရှိတော့ဟုသိရသည်ဟုလည်း အဆိုပါဒေသခံကပြောသည်။
"မိသားစုဝင်တွေကို ဘာမှစိတ်မပူနဲ့လို့ပြောပြီး ဖမ်းခေါ်သွားတာ။မိသားစုတွေလည်းကြောက်ပြီး ဘာမှဆက်မမေးရဲလိုက်ကြဘူး။ဘာကြောင့်ခေါ်သွားတယ်၊ ဘယ်ကိုခေါ်သွားတယ်ဆိုတာလည်း ကျမတို့မသိပါဘူး။ အခုထိလည်း ဘာသတင်းမှမကြားသေးဘူး" ဟု ဖမ်းဆီးခံရသူ ဦးညီညီ၏ ခြေမတော်စပ်သူ မရဲမေနုကပြော သည်။
လက်ရှိတွင်လည်း မင်းပြားမြို့ထဲ၌ စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားမှုရှိနေပြီး ဒေသခံများမှာလည်း စိုးရိမ်စိတ်များဖြစ်နေကြသည်။