တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်မှဒေသခံများ တောင်ယာစပါးရိတ်သိမ်းရန် အခက်ကြုံနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ တောင်ယာစပါးများရိတ်သိမ်းရန် အခက်ကြုံတွေ့နေရကြောင်း သိရသည်။

12 Sep 2022

ဓာတ်ပုံ - အင်တာနက်

DMG ၊ စက်တင်ဘာ ၁၂

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ တောင်ယာစပါးများရိတ်သိမ်းရန် အခက်ကြုံတွေ့နေရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုနှစ်သြဂုတ်လမှစတင်ကာ ပလက်ဝမြို့နယ် အဘောင်သား၊ ရဲမဝ၊ ကြက်ယက်ကိုင်း၊ လိပ်ကုန်း၊ နမဒါ၊ စိမ့်စန်း စသည့်ကျေးရွာပေါင်း ၁၀ ခန့်မှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

နမဒါကျေးရွာမှ ဒေသခံတစ်ဦးက “ကောက်ဦးစပါးတွေဟာ သြဂုတ်လကုန်၊ စက်တင်ဘာလဆန်းဆိုရင် စရိတ်လို့ရပြီ။ စက်တင်ဘာလကုန်ဆိုရင်တော့ အကုန်လုံး ရိတ်သိမ်းပြီးချိန်ပါ။ အခုလည်း စပါးရိတ်သိမ်းရမယ့် အချိန်ပါ။ ဒါပေမဲ့ ကျနော်တို့က စစ်ဘေးရှောင်လည်းဖြစ်နေတော့ စပါးရိတ်သိမ်းလို့မရဘူး”ဟု ပြောသည်။

ထိုသို့ စစ်ဘေးရှောင်နေရခြင်း၊ လက်နက်ကြီးလက်နက်ငယ် ကျရောက်ပေါက်ကွဲမည်ကိုစိုးရိမ်ခြင်း၊ မြေမြုပ်မိုင်းအန္တရာယ်စိုးရိမ်ရခြင်းတို့ကြောင့် ပလက်ဝဒေသခံများမှာ တောင်ယာသို့ မသွားရဲဖြစ်နေကြသည်။

စက်တင်ဘာလ ၉  ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ င/ပွီကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကိုဦးသိန်းအောင်မှာ ရွာအနီးတွင် စပါးရိတ်သိမ်းနေ့စဉ် မြေမြုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ်လိုက်ရသည်။

အဘောင်သားကျေးရွာမှ ဦးခိုင်အေးမောင်က စပါးရိတ်သိမ်းချိန်တွင် ရိတ်သိမ်းခွင့်မရပါက ပျက်စီးဆုံးရှုံးသွားနိုင်ကြောင်းပြောသည်။

“ကောက်ဦးစပါးတွေကို ရိတ်သိမ်းရမဲ့အချိန်မှာ မရိတ်သိမ်းရဘူးဆိုရင်တော့ စပါးနှံတွေကျိုးပြီးတော့ ပျက်စီးသွားနိုင်တယ်။ ကျနော်တို့က ကောက်ဦးစပါးနဲ့ စားဝတ်နေရေးဖြေရှင်းဖို့အတွက် စိုက်ပျိုးကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုက ကောက်ဦးစပါးလည်း ရိတ်ခွင့်မရဘူးဖြစ်နေတယ်။ စပါးရိတ်ခွင့်မရတော့ ဝင်ငွေလည်းရှိမှာမဟုတ်တော့ဘူး။ ဒီအတိုင်းဆိုရင် အငတ်ဘေးကြုံရတော့မယ့် အနေအထားတွေရှိပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ ပလက်ဝတွင် စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံများ စပါးရိတ်သိမ်းခွင့်ရရှိရန် မျှော်လင့်ချက်နည်းကြောင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသည့် ပလက်ဝဒေသခံတစ်ဦးကပြောသည်။

“အခုထွက်ပြေးနေရတဲ့ လယ်သမားတွေ စပါးရိတ်သိမ်းခွင့်ရဖို့ အခွင့်ရေးတွေ အရမ်းနည်းသွားပြီဆိုတော့ သူတို့မှာ ဝင်ငွေမရှိတော့ဘူး။ အဲဒီနောက်ဆက်တွဲ သားသမီး ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က ဆုံးရှုံးသွားမယ်။ တိုက်ပွဲတွေဖြစ်နေသရွေ့တော့ တောင်သူတွေ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ခွင့်ရတော့မှာမဟုတ်တော့ဘူး”ဟု ၎င်းကဆိုသည်။

ပလက်ဝမြို့နယ်အတွင်း လက်ရှိရိတ်သိမ်းခွင့်မရသည့် စပါးဧက မည်မျှရှိသည်ကို တိတိကျကျမသိရသေးပေ။

တောင်ယာစပါးများကို မိုးဦးပိုင်းတွင်စိုက်ပျိုးကြပြီး စက်တင်ဘာလရောက်လျှင် ရိတ်သိမ်းရကာ ကောက်ကြီးစပါးများမှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းကြပြီး အဆိုပါစပါးများကို ပလက်ဝမြို့နယ်တွင် အဓိကစိုက်ပျိုးကြသည်။

ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာမှုမြင့်တက်နေပြီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကျေးရွာပေါင်း ၁၀ ရွာခန့်က ဒေသခံငါးထောင်ခန့်မှာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဗီဒီယိုများ