ရခိုင်က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ပွဲစားများအတွက် စားကွက်တစ်ခုဖြစ်နေ

အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ပိုမိုရှားပါးလာခြင်းအပြင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် ရခိုင်ပြည်မှ ဒေသခံများမှာ နိုင်ငံခြားသို့ သွားရောက်လိုသူ များပြားနေပြီး ၎င်းတို့ထံမှ ပွဲစားများမှာ နိုင်ငံကူးလက်မှတ်(passport)လုပ်ခငွေ အမြောက်အများရရှိနေကြသည်။

15 Sep 2022

စစ်တွေမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၁၅

အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ပိုမိုရှားပါးလာခြင်းအပြင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် ရခိုင်ပြည်မှ ဒေသခံများမှာ နိုင်ငံခြားသို့ သွားရောက်လိုသူ များပြားနေပြီး ၎င်းတို့ထံမှ ပွဲစားများမှာ နိုင်ငံကူးလက်မှတ်(passport)လုပ်ခငွေ အမြောက်အများရရှိနေကြသည်။

စစ်တွေမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် မလေးရှား၊ ထိုင်း စသည့်နိုင်ငံခြားသို့ သွားရန်အတွက် နိုင်ငံကူးလက်မှတ်စာအုပ် လုပ်လိုသူများစုပြုံလျက်ရှိသည်။ ၎င်းတို့မှာ ပွဲစားမဲ့ သာမန်လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ပါက ငွေကြေးသက်သာသော်လည်း သုံးပတ်ခန့်ကြာမြင့်မှသာ လက်မှတ်ရရှိနိုင်သည်။ ပွဲစားဖြင့်လုပ်ပါက ငွေကြေးကုန်ကျမှုများပြားသော်လည်း ရက်ပိုင်းအတွင်း ရရှိနိုင်သည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် ပွဲစားမဲ့လုပ်ပါက လဝကကြေးအပါအဝင် ၅၀၀၀၀ ကျပ်ခန့်သာ ကုန်ကျနိုင်ခြေရှိပြီး နိုင်ငံကူးလက်မှတ်ကို သုံးပတ်ခန့်အကြာတွင်မှရရှိသည်။ ပွဲစားနှင့်လုပ်လျှင် ငွေကျပ် ၂ သိန်းမှ ၃ သိန်းကျပ်အထိ ကုန်ကျမည်ဖြစ်ကာ အများဆုံးကြာလျှင် တစ်ပတ်အတွင်းဖြစ်ပြီး ရက်ပိုင်းအတွင်းတွင်လည်း ရရှိတတ်သည်ဟု ပွဲစားများနှင့် နိုင်ငံကူးလက်မှတ်ပြုလုပ်သူများထံမှ သိရသည်။

“ကျွန်တော်တို့က စာအုပ်(နိုင်ငံကူးလက်မှတ်) အမြန်လိုချင်လို့ပါ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့မှာ တစ်ဖက်နိုင်ငံက သူဌေးကခေါ်ဖို့ အစီအစဉ်ရှိလို့ပါ။ နိုင်ငံခြားကသူဌေးက တိုက်ရိုက်ခေါ်ဖို့ အစီအစဉ်ရှိလို့ပါ။ အဲဒါကြောင့် အမြန်လုပ်လိုက်တာပါ။ တစ်လနီးပါး စောင့်နေရမယ်ဆိုရင်လည်း ကျွန်တော်တို့လို နယ်ကလူတွေအတွက်ကမလွယ်ပါဘူး”ဟု ရမ်းဗြဲမြို့နယ်မှ နိုင်ငံကူးလက်မှတ်စာအုပ်ပြုလုပ်သူတစ်ဦးကပြောသည်။

ပွဲစားမဲ့ ရိုးရိုးလုပ်လျှင် တိုကင်(ရက်ချိန်း)ယူရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများကို အရင်ပြုလုပ်ရပြီး သတ်မှတ်ထားသည့်နေရာတွင်တင်ကာ တိုကင်(ရက်ချိန်း)ကို စောင့်ဆိုင်းရသည်။ ယင်းနောက် တစ်ဆင့်ချင်းလိုအပ်သည်များကို လုပ်ကိုင်ရကြောင်း နိုင်ငံကူးလက်မှတ်စာအုပ် ရိုးရိုးလာလုပ်သူတစ်ဦးက ပြောသည်။

“ကျွန်တော့်မှာတော့ တိုကင်ရဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကိုတော့ တင်ခဲ့ပြီ။ လောလောဆယ်တော့ တပြားမှမကုန်သေးဘူး။ ရိုးရိုးပဲလုပ်မှာပါ။ အဲဒီရုံးဌာနက လူပြောတာတော့ ပွဲစားနဲ့လုပ်တဲ့လူတွေထက် အလွန်ဆုံးနောက်ကျရင် လေးငါးရက်ပဲကြာမှာတဲ့။ ရိုးရိုးလုပ်ရင် အလွန်ဆုံးကုန်ရင် စာရွက်စာတမ်းကြေးတွေအပါအဝင် ၅ သောင်းလောက်တော့ ကုန်မယ်တဲ့“ဟု တောင်ကုတ်မြို့နယ်မှ အမျိုးသားတစ်ဦးကပြောသည်။

အလုပ်အကိုင်ရှားပါးမှုကြောင့် နိုင်ငံခြားသို့ သွားလိုသူအများစုတွင် ကျေးလက်ဒေသမှဖြစ်ကြပြီး တရားဝင်သွားရောက်ရန်အတွက် အိမ်၊ ခြံ ၊ မြေ စသည့်တန်ဖိုးကြီးပစ္စည်းများကို ပေါင်နှံရောင်းချပြီး သွားရောက်ကြရန်ပြင်ဆင်ကြသည်။ သို့ရာတွင် ရိုးရိုးလုပ်လျှင် အချိန်အလွန်ကြာမြင့်ပြီး စားစရိတ်၊နေစရိတ်လည်း ဈေးနှုန်းမြင့်တက်သဖြင့် ပွဲစားများနှင့်လုပ်ကိုင်သူများပြားနေသည်။

“ရိုးရိုးလုပ်တဲ့လူတွေက အခက်အခဲတွေက အများကြီးပါ။ ရုံးထဲမှာက ပွဲစားတွေများတော့ ရိုးရိုးလုပ်တဲ့လူတွေက အခက်အခဲရှိတယ်။ ဘယ်နေရာကိုသွားပြီး ဘာလုပ်ရမယ်မှန်းမသိဘူးပေါ့။ အဲလိုဟာတွေ။ ပွဲစားတွေများတယ်လို့ပြောရမယ်။ စာအုပ်လုပ်တဲ့လူကတစ်ဝက်၊ ပွဲစားလုပ်ပေးတဲ့လူကတစ်ဝက် အဲလိုဖြစ်နေတယ်” မအီမြို့နယ်မှ အမျိုးသားတစ်ဦးကပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ပွဲစားများကို ဆက်သွယ်မေးမြန်းရာတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်သူများပေးသည့် ငွေကြေးများကို မိမိတို့အလုံးစုံမရရှိကြောင်း၊ ယင်းရုံးမှဝန်ထမ်းများကို ပေးဆောင်ရသည့်အတွက် မိမိတို့မှာ ငွေသုံးသောင်းခန့်သာရရှိသည်ဟု ပြောသည်။

“ပွဲစားလုပ်တဲ့လူတွလည်း အဲဒါကိုရတာမဟုတ်ပါဘူး။ အလွန်ဆုံးရရင် ၂ သောင်း ၃ သောင်းပါပဲ။ နောက်ထပ်တစ်ဆင့်ခံ အထဲမှာရှိတဲ့ဝန်ထမ်းတွေကို တစ်ဆင့်ထပ်ပေးရပါတယ်။ အဲဒီဝန်ထမ်းတွေကို ပွဲစားဆိုတဲ့လူတွေက သူတို့ကိုပိုက်ဆံပေးပြီး ကိုယ်တို့တာဝန်ယူထားတဲ့လူတွေ ဝင်ခွင့်ရအောင် တစ်ဆင့်ပေးရပါတယ်။ အဲဒီအတွက်ကြောင့် ငွေကနည်းနည်းများနေကြတာပါ”ဟု အမည်မဖော်လိုသည့် ပွဲစားတစ်ဦးကပြောသည်။

ထိုပြောဆိုချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(စစ်တွေ)၏ တုန့်ပြန်ချက်မရရှိသေးပါ။ တုန့်ပြန်ချက်ရရှိအောင်နိုင်အောင် DMG က ဆက်လက်ကြိုးပမ်းလျက် ရှိသည်။

စစ်ကောင်စီအနေဖြင့် ထိုသို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ခ အလွန်ဈေးနှုန်းမြင့်တက်နေခြင်းကို သေသေချာချာ ကြပ်မတ်ထိန်းကျောင်းပေးရန်လိုအပ်နေကြောင်း ထောက်ပြမှုများရှိနေသည်။

အလားတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း လူတိုင်းလက်လှမ်းမီသည့်အခြေအနေတစ်ခုကို ဌာနဆိုင်ရာက မဖန်တီးနိုင်သည့်အပြင် ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်လိုက်သည်။

“သူတို့ တမင်ရည်ရွယ်ချက်နဲ့လုပ်တာလည်း ဖြစ်နိုင်တယ်။ သူတို့အင်အားနဲ့လိုက်မမီရင် သက်ဆိုင်ရာဌာနကိုတင်ပြပြီး အင်အားကိုဖြည့်တင်းသင့်တယ်။ အဲလိုမဟုတ်ဘဲ ပြည်သူတွေပဲ တန်းစီပြီးတော့ ငွေကြေးမတန်တဆကုန်ပြီးတော့ လုပ်နေရတာက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ စားပေါက်ရှာဖို့အတွက် လုပ်ထားတယ်လို့ ပြောလို့ရတယ်”ဟု ဆယ်စုနှစ်တစ်ခုကြာ ဥပဒေပြုအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဖေသန်းကဝေဖန်သည်။

ဗီဒီယိုများ