စစ်ကောင်စီအဖွဲ့ဝင် ရခိုင်လူမျိုးများ နှုတ်ဆိတ်နေဟု ဝေဖန်ခံနေရ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုများကို စစ်ကောင်စီတွင် တာဝန်ထမ်းဆောင်နေသည့် ရခိုင်လူမျိုးများမှာ နှုတ်ဆိတ်နေကြသည်ဟု ဝေဖန်သံများ ထွက်ပေါ်လာနေသည်။

06 Sep 2022

 
DMG ၊ စက်တင်ဘာ ၆

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုများကို စစ်ကောင်စီတွင် တာဝန်ထမ်းဆောင်နေသည့် ရခိုင်လူမျိုးများမှာ နှုတ်ဆိတ်နေကြသည်ဟု ဝေဖန်သံများ ထွက်ပေါ်လာနေသည်။

ထိုသို့ နှုတ်ဆိတ်နေကြသည့် စစ်ကောင်စီအဖွဲ့ဝင် ရခိုင်လူမျိုးများကို သမိုင်းတရားခံအဖြစ်သတ်မှတ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်က ပြောသည်။

“လက်ရှိရခိုင်မှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်လာတယ်။ အရပ်သားတွေ သေဆုံးမှုရှိလာတယ်။ လက်နက်ကြီးတွေနဲ့ ရွာတွေကိုပစ်ခတ်တာတွေရှိတယ်။ ဒီအပေါ်မှာ သူတို့အနေနဲ့ နှုတ်ဆိတ်နေတယ်။ ရခိုင်က စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ရခိုင်ပြည်နယ်အစိုးရရုံးမှာရှိတဲ့ ဝန်ကြီးတွေအကုန်လုံးက ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်တာမရှိဘူး"ဟု ၎င်းကဆိုသည်။

ဆက်လက်၍ ကိုဦးသန်းနိုင်က "သူတို့ ဒီလိုနှုတ်ဆိတ်နေတာဟာ ကျနော်တို့အနေနဲ့ သမိုင်းတရားခံအဖြစ်သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ရခိုင်ပြည်သူတွေအတွက် အလုပ်လုပ်မယ်ဆိုပြီး စစ်ကောင်စီမှာ တာဝန်ယူထားတဲ့သူတွေက ရခိုင်ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာ လှည့်မကြည့်ဘဲ စကားလေးတစ်ခွန်း၊ အသံတစ်ခုတောင်မထွက်ပေးတဲ့အတွက် သမိုင်းတရာခံအဖြစ်သတ်မှတ်တယ်”ဟု ပြောသည်။

ပလက်ဝမြို့နယ်အပါအဝင် မောင်တော၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ်များရှိပြည်သူများကို စစ်ကောင်စီမှ စားနပ်ရိက္ခာဖြတ်တောက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း စသည့်လုပ်ရပ်များကို သိရှိပါလျက် မသိကျိုးကျွံပြုကာနှုတ်ဆိတ်နေသော ရက္ခိုင်ပြည်ဖွား စစ်ကောင်စီအဖွဲ့ဝင်များနှင့် စစ်ကောင်စီဝန်ကြီးများကို ရက္ခိုင်ပြည်၏ သမိုင်းတရားခံများအဖြစ်မှတ်ယူကာ ပြင်းထန်စွာရှုံ့ချသည်ဟု သြဂုတ်လ ၂၈ ရက်နေ့တွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ ပြည်ထောင်စုအဆင့်တွင် အဖွဲ့ဝင်အဖြစ် ဒေါ်အေးနုစိန်၊ စစ်ကောင်စီလက်အောက်ခံ တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီးအဖြစ် ဦးဇော်အေးမောင်တို့က တာဝန်ထမ်းဆောင်လျက်ရှိကြသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့တွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ အောင်ကျော်မင်း၊ သယံဇာတရေးရာဝန်ကြီးအဖြစ် ဦးသန်းထွန်း၊ စီးပွားရေးရာဝန်ကြီးအဖြစ် ဦးစံရွှေမောင်၊ ဥပဒေချုပ်အဖြစ် ဦးလှသိန်းတို့က အသီးသီးတာဝန်ယူထားကြသည်။

ဒေါ်အေးနုစိန်မှာ ယခင်တိုက်ပွဲကာလအတွင်းက မြန်မာစစ်တပ်မှ ဒေသခံပြည်သူများအား AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုသည့်အမှုများကို လိုက်ပါကူညီပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သည်။ ယင်းအပြင် ယခင်က လူထုထောက်ခံမှုကိုရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီ(ANP)၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

အလားတူ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းမှာလည်း တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှုများနှင့်ပတ်သက်၍ လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာကူညီ ဆောင်ရွက်ပေးခဲ့သူဖြစ်သည်။

၎င်းတို့မှ လက်ရှိစစ်ကောင်စီ၏ လုပ်ရပ်များနှင့်ပတ်သက်၍ ကောင်းသည်၊ ဆိုးသည်ကိုမပြောဘဲ နှုတ်ဆိတ်နေသည်ကိုတွေ့ရသည်ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးကပြောသည်။

“သူတို့တွေအနေနဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့ ဒါကိုပြောသင့်ပြီလို့ ဆုံးဖြတ်ပြီးပြောရင်လည်း အရေးယူခံရမယ်။ နုတ်ထွက်ရင်တောင်မှ သူတို့အနေနဲ့ လုံခြုံမှုတော့မရှိဘူးလို့မြင်တယ်။ နုတ်ထွက်လို့လည်း ရချင်မှရမယ်။ နုတ်ထွက်ရင် သူတို့(စစ်ကောင်စီ)က နိုင်ငံရေးအရ ဂုဏ်သိက္ခာထိခိုက်တယ်ဆိုပြီး အပြစ်ပေးအရေးယူလာမှုတွေလည်း ရှိလာနိုင်တယ်။ ဒါကြောင့် ဒေါ်အေးနုစိန်နဲ့ ဦးသန်းထွန်းတို့က(စစ်ကောင်စီအဖွဲ့)ထဲမှာ ဝင်ရောက်သွားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူတို့အနေနဲ့ အသံတိတ်သွားတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

“သူတို့အနေနဲ့ ပြောမယ်ဆိုရင် ပါးပါးလေးပြောလို့ရတာတွေရှိတယ်။ နှစ်ဖက်တိုက်ပွဲတွေ မဖြစ်ဖို့လိုလားတယ်။ လုံးဝနှုတ်ဆိတ်နေမဲ့ အတူတူ၊ နုတ်ဆိတ်နေရင်လည်း အပြောခံရမယ့်အတူတူ ပြည်သူတွေရဲ့အခက်အခဲ၊ အကျပ်အတည်းကို ကူညီဆောင်ရွက်မယ့်ဟာတွေ၊ တိုက်ပွဲမဖြစ်ဖို့၊ တိုက်ပွဲတွေကို နှစ်ဖက်ထိန်းသိမ်းဖို့ဟာတွေ စသဖြင့် ပြောသင့်တယ်လို့မြင်တယ်။လုံးဝပါးစပ်ပိတ်သွားတဲ့အခါကျတော့ ပြည်သူတွေရဲ့ဝေဖန်တာကို ခံရတာလို့မြင်တယ်”ဟု ၎င်းကဆက်၍ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့်တိုက်ပွဲလအတွင်းက အရပ်သား ၃၀၀ ခန့်သေဆုံးခဲ့ရကာ ဒဏ်ရာရရှိသူ ၆၀၀ ကျော်အထိရှိခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံခဲ့ရသူ ၂၀၀ ကျော်အထိရှိခဲ့သည်။

ယခု ၂၀၂၂ ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့် AA တို့ကြားတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးခြင်းများဖြစ်ပွားလာပြီးနောက်တွင် တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာသည်။ လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သြဂုတ်လအတွင်းတွင် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးအထိရှိခဲ့သည်။

ထိုသို့ ထိခိုက်သေဆုံးမှုများနှင့်အတူ ဒုက္ခရောက်နေကြသည့် ရခိုင်ပြည်သူလူထုများ၏ အခက်အခဲများကို ရခိုင်လူမျိုး စစ်ကောင်စီအဖွဲ့ဝင်များအနေဖြင့် နိုင်ရာကဏ္ဍမှ ကူညီဆောင်ရွက်ပေးသင့်ကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ထောက်ပြသည်။

“ကိုယ်တို့မှာက နိုင်ငံတော်ကောင်စီဝင်တွေရှိတယ်။ ပြည်နယ်ကောင်စီတွေရှိနေတယ်ဆိုတော့ ပြောသင့်၊ဆိုသင့်တယ်။ မပြောနိုင်၊ မဆိုနိုင်ဖြစ်နေတာကလည်း ခေတ်တစ်ခေတ်ရဲ့ ရေစီးကြောင်းအပေါ်မှာ မူတည်လို့လည်းဖြစ်ချင်ဖြစ်မယ်"ဟု ၎င်းကဆိုသည်။

ထိုသို့ဝေဖန်မှုများနှင့်ပတ်သက်၍ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်အား ဆက်သွယ်ရာတွင် အင်တာဗျူးမေးမြန်းခြင်းများကို ဖြေကြားခြင်းမရှိဟု ပြောဆိုသည်။ ယင်းအပြင် ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို ဆက်သွယ်ရန် DMG မှကြိုးပမ်းနေသော်လည်း လက်ရှိအချိန်ထိ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ရခိုင်တွင် ယခင်တိုက်ပွဲကာလအတွင်းက ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များထဲမှ လူဦးရေခြောက်သောင်းခန့်မှာ နေရပ်သို့မပြန်နိုင်ကြသေးဘဲ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံလျက်ရှိသည်။ လတ်တလောတိုက်ပွဲများကြောင့်လည်း မောင်တော၊ ရသေ့တောင်၊ မြောက်ဦးနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ဘေးဒုက္ခသည်ဦးရေ (၆၆၀၀)ကျော် ထပ်တိုးလာနေပြီး ၎င်းတို့မှာ စားဝတ်နေရေး အခက်အခဲများရှိနေကြသည်။

ဗီဒီယိုများ