တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု ( ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ)

မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့်သွားလာနေသည့် ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ င/စရိုင်းချောင်းအုပ်စု၊ မြစ်နားရွာမှ အသက် ၃၀ အရွယ် ကိုအောင်ချမ်းသာ တွင် ဒဏ်ရာရရှိသွားခဲ့သည်။

16 Sep 2022


စက်တင်ဘာ ၈

    မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာနေမှုနှင့် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာမှုတို့ကြောင့် ရခိုင်ပြည်တွင်းက မြို့နယ်(၃)မြို့နယ်ဖြစ်သည့် မာင်တောမြို့နယ်အတွင်းက စာသင်ကျောင်း(၃၈)ကျောင်းခန့်၊ ရသေ့တောင်မြို့နယ်မှ စာသင်ကျောင်း (၁၀)ကျောင်းခန့်နှင့် မြောက်ဦးမြို့နယ်မှ စာသင်ကျောင်း (၃)ကျောင်းခန့်ကို ယာယီပိတ်ထားရကြောင်း သိရသည်။
    အမ်းမြို့နယ်၊ လုံးကောင်းအုပ်စု၊ ထမ်းချောင်းကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဦးတင်အုန်း(ခ)ဦးဥသြဆိုသူကို သြဂုတ်လ ၉ ရက်နေ့တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက နေအိမ်မှ လာရောက်ဖမ်းဆီးသွားခဲ့ကာ ယခုအချိန်ထိ အဆက်အသွယ်မရရှိသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။
    စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီးအနီးတွင် စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်က နယ်ထိန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုရဲအုပ်သိပ္ပံဆိုသူမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။
    ကျောက်တော်မြို့နယ်၊ ကွမ်းအုံတောင်ကျေးရွာမှ အသက် ၄၁ နှစ်အရွယ် ဦးဘရွှေဆိုသူမှာ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီခန့်က ကျေးရွာနှင့် တစ်နာရီကျော်ခရီးဝေးသည့် နွားတင်းကုပ်သို့ သွားခဲ့ရာကအပြန်တွင် မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

စက်တင်ဘာ ၉

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့စေတီတောင်ရပ်ကွက်မှ အသက်(၂၉)နှစ်အရွယ် ကိုဝင်းနိုင်၊ အစိုးရရပ်ကွက်မှ အသက်(၄၃)နှစ်အရွယ် ကိုဆလိုင်းကိုအေး(ခ)ကဟိနှင့် ပိုက်ဆိပ်ရပ်ကွက်မှ အသက်(၄၂)နှစ်အရွယ် ဦးဘသန်းတို့ကို စက်တင်ဘာလ ၇ ရက်နေ့တွင် မြန်မာစစ်တပ်က နေအိမ်မှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်များက ပြောကြားခဲ့သည်။
    စစ်တွေမြို့မှ မနွယ်သန္တာဝင်းအသတ်ခံရမှုတွင် ရဲတပ်ဖွဲ့က သံသယဖြင့်ဖမ်းဆီးထားသည့် အသက် ၁၉ နှစ်အရွယ် မောင်မျိုးချစ်စိုးနှင့် တစ်လခန့်ကြာသည့်တိုင် တွေ့ခွင့်မရသေး၍ မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။
    ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခ ညီအရင်းဖြစ်သူ ဦးမောင်ခင်ဝင်းကို မြန်မာစစ်တပ်ကလိုက်ရှာနေပြီး အမ်းမြို့နယ်၊ ကျွဲကူးတောင်ကျေးရွာမှ နေအိမ်ကိုလည်း မွှေနှောက်ရှာဖွေခဲ့သည်။
    ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင်(၃၅) မီးတိုက်ကျေးရွာအနီးတွင် စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းကစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
    (၈၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ဆရာတော်ဦးဥတ္တမ ဘေးမဲ့ဒီရေတောတွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် ကဏန်းများကို ဘေးမဲ့လွှတ်ခြင်းများလုပ်ဆောင်ခဲ့ကြသည်။
    အရှေ့တီမော (Timor-leste) နိုင်ငံတွင် ကျင်းပခဲ့သည့် “The Dili Dialogue Forum 2022” တွင် အာဏာသိမ်း စစ်ကောင်စီ၏ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအား ကိုယ်စားပြု တက်ရောက်ခွင့် ပေးခဲ့သည့်အပေါ်  လွတ်လပ်သော မြန်မာမီဒီယာအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
    ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ င/ပွီကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကိုဦးသိန်းအောင်ဆိုသူမှာ စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။
    ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံး ခြံဝင်းအတွင်း ဝန်ထမ်းများ သန့်ရှင်းရေးလုပ်နေစဉ် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ဗုံးသီးဟာင်း ၁၈ လုံးကို တွေ့ရှိခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၁၀

    မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့်သွားလာနေသည့် ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ င/စရိုင်းချောင်းအုပ်စု၊ မြစ်နားရွာမှ အသက် ၃၀ အရွယ် ကိုအောင်ချမ်းသာ တွင် ဒဏ်ရာရရှိသွားခဲ့သည်။
    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ မီးကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာမီဟူဆောင်းနှင့် တပ်မင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှတို့ နှစ်ဦးမှာ မြို့ပေါ်သို့ အစည်းအဝေးတက်ရန်သွားရောက်စဉ် မြန်မာစစ်တပ်ကဖမ်းဆီးလိုက်ပြီး တစ်ပတ်ခန့်ကြာသည့်တိုင် အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များထံမှသိရသည်။
    စစ်တွေ-မြောက်ဦးပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်ကို ပြီးခဲ့သည့်သြဂုတ်လ ၂၉ ရက်နေ့မှစ၍ ရခိုင်ပြည်နယ် ရေကြောင်းဦးစီးဌာန၏ညွှန်ကြားချက်အရ ယာယီရပ်နားထားကြောင်း ရွှေပြည်တန်အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းက ပြောခဲ့သည်။
    ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံ(မြို)ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် (၃)ကီလိုမီတာခန့်အကွာရှိ ဂုတ်ပီကျော်လမ်း(ပဲရွမ်းတောင်)ရှိ စစ်ကောင်စီ၏ ခမရ(၃၅၂)တပ်ရင်း စခန်းကုန်းတစ်ခုကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ထုတ်ပြန်ခဲ့သည်။
    လက်နက်ကြီးကျည်ထိမှန်ခဲ့၍ ဒဏ်ရာပြင်းထန်ရရှိခဲ့သည့် မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာမှ အမျိုးသမီးမှာ အဆိပ်ဖြေဆေးများ သောက်သုံးရသည့်အတွက် ကိုယ်ဝန်ကို ဆုံးရှုံးလိုက်ရကြောင်း သိရသည်။

စက်တင်ဘာ ၁၁

    ရခိုင်ပြည်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင် စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၅ ဆောင်နှင့် ခန်ဆိုင်ခန်း ၃၄ ခန်းစုစုပေါင်း ၄၉ ဆောင် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
    ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများကို ရိက္ခာနှင့် တစ်ခြားထောက်ပံ့မှုတို့မပြုလုပ်ရန် NGO/INGO အဖွဲ့အစည်းများအား စစ်ကောင်စီဖက်မှ တားမြစ်ထားကြောင်း သိရသည်။
    ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သမင်ခြေရာကျေးရွာမှ အသက် (၃၈) နှစ်အရွယ် ဦးမောင်အေးစိန်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွှဲပိုင်းအချိန်က ကျိန်းတောင်ဘုရား အနောက်ဖက်ချောင်း၌ ငါးရှာသွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။
    ရခိုင်ပြည်ရှိ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်သည့် မြောက်ဦးကို ယူနီစကိုဝင်နိုင်ရေး ကြိုးပမ်းနေကြရာ လက်ရှိဒေသတွင်းမတည်ငြိမ်မှုအခြေနေများကြောင့် ယူနီစကိုဝင်နိုင်ရေး လုပ်ဆောင်ချက်များ နှောင့်နှေးနေရသည် ဝေဖန်နေကြသည်။

စက်တင်ဘာ ၁၂

    စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရန်တိုက်တွန်းနေသော်လည်း မြန်မာဘီယာကဲ့သို့ စစ်တပ်ထုတ် ယာမကာများမှာ ရခိုင်ပြည်အတွင်းက မြို့နယ်များတွင် ရောင်းအားမကျဘဲ ပုံမှန်သုံးစွဲနေကြဆဲဖြစ်သည်။
    ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာမှုရှိလာသည့်နေရာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများကို မြန်မာစစ်တပ်က သံသယထားကာ ဖမ်းဆီးမှုများရှိလာသဖြင့် အခြားကျေးရွာအုပ်ချုပ်ရေးမှူးများမှာလည်း စိုးရိမ်မှုရှိလာနေကြသည်။
    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းသို့ ထပ်တိုးရောက်ရှိလာကြသည့် စစ်ဘေးရှောင် ၁၃၆ ဦးမှာ စားဝတ်နေရေးအခက်အခဲများစွာနှင့် ကြုံနေရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
    ရက္ခိုင့်တပ်တော် AA က ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည့် မောင်တောမြို့နယ် မြောက်ပိုင်းက မြန်မာစစ်တပ် ခမရ (၃၅၂) တပ်စခန်းကုန်းနှင့် ဩဂုတ် ၃၁ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည့် မိုင်တိုင်အမှတ် (၄၀) တစ်ဝိုက်ကို မြန်မာစစ်တပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
    မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချမှတ်ခံရသူ ၁၂၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၁၃

    ရခိုင်ပြည်အတွင်းနေထိုင်သည့် မွတ်လဆင်များမှာ အလုပ်အကိုင်ရှာဖွေရန် ပြည်မနှင့် ပြည်ပနိုင်ငံသို့ထွက်ခွာရာတွင် ဖမ်းဆီးခံရမှုနှင့်ကြုံတွေ့ရသော်လည်း ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ပြီး နည်းမျိုးစုံနှင့်သွားနေကြဆဲဖြစ်သည်။
    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ယခုလဒုတိယအပတ်အတွင်း မြန်မာစစ်တပ်မှဖမ်းဆီးခဲ့သည့် ဒေသခံ ၇ ဦးအထိရှိကြောင်း ဒေသခံများထံမှ သိရသည်။
    ရခိုင်ပြည်ရှိ ပြည်သူများရေကြောင်းသွားလာရေးအတွက် ဂျပန်မှ လှူဒါန်းထားသည့် သင်္ဘော ၂ စင်းကို စစ်ကောင်စီမှ လက်ရှိစစ်ရေးလှုပ်ရှားမှုများတွင် အသုံးပြုလျှက်ရှိနေသည်။
    ၂၀၂၂ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သူများထဲမှ ဆေးတက္ကသိုလ်ဝင်ခွင့် ဖြေဆိုခွင့်ရ ကျောင်းသား၊ကျောင်းသူ ၂၀၀ နီးပါးရှိပြီး အများအပြားမှာ လျှောက်လွှာ တင်ထားသော်လည်း စာမေးပွဲဖြေဆိုခွင့် မရရှိသူ အများအပြားရှိနေသည်။

စက်တင်ဘာ ၁၄

    အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ပိုမိုရှားပါးလာခြင်းအပြင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် ရခိုင်ပြည်မှ ဒေသခံများမှာ နိုင်ငံခြားသို့ သွားရောက်လိုသူ များပြားနေပြီး ၎င်းတို့ထံမှ ပွဲစားများမှာ နိုင်ငံကူးလက်မှတ် (passport) လုပ်ခငွေ အမြောက်အများ ရရှိနေကြသည်။
    စစ်ကောင်စီက အရပ်ဘက်သုံးယာဉ်များကိုအသုံးပြုကာ စစ်အင်အားဖြည့်တင်းနေသည့်အတွက် ကုန်းလမ်း၊ ရေလမ်းသွားလာသည့်ယာဉ်များကို စစ်ဆေးသွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။
    ရခိုင်ပြည်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်များတွင် ကုန်းလမ်းခရီးကို စစ်ကောင်စီက ပိတ်ထားသောကြောင့် ရေလမ်းခရီးကိုသာ အဓိက အားထားပြီး သွားလာနေကြရသည်။

စက်တင်ဘာ ၁၅

    ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်က ဆုံးရှုံးလိုက်ရသည့် တပ်စခန်းများကို ပြန်လည်ရရှိရေးအတွက် ယခုရက်ပိုင်းအတွင်း အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောခဲ့သည်။
    မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာသောကြောင့် ရခိုင်ပြည်အတွင်းရှိ ဇာတ်သဘင်လောကသားများမှာ ဇာတ်ကပြမှု ရပ်နားထားရမည်ကိုစိုးရိမ်၍ မျှော်လင့်ချက် ကင်းမဲ့နေကြသည်ဟု ဆိုသည်။
    ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်း၌ တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးသွားကြောင်း သိရသည်။
    မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် တောင်ကုတ်မြို့မှ ဒေါက်တာ ကျော်သူရ၊ ကျောက်ဖြူမြို့မှ ဆလိုင်ကိုအေး (ခ) ကဟိ အပါအဝင် ဒေသခံ(၇)ဦးတို့မှာ ဖမ်းဆီးခံရသည့်နေ့မှစ၍ ယနေ့အချိန်အထိ အဆက်အသွယ်မရသဖြင့် မိသားစုအနေဖြင့် စိုးရိမ်နေကြသည်။
    BBC Media Action မှ ထုတ်လုပ်သည့် ခံစားကြည့်အစီအစဉ်က ရုပ်သံတင်ဆက်သူ မထက်ထက်ခိုင်ကို  စစ်ကောင်စီက စက်တင်ဘာ ၁၅ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

ဗီဒီယိုများ