- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
AA စစ်ဦးစီးချုပ်ညီအပါဝင် ဖမ်းဆီးခံထားရသူ ၈ ဦးအမှု အားရုပ်သိမ်းလိုက်ပြီဖြစ်သဖြင့် မစစ်ဆေးဟုဆို
ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့်အတူ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၈ ဦးအမှုအား ရုပ်သိမ်းလိုက်ပြီဖြစ်သဖြင့် ယင်းအမှုကို ဆက်လက်မစစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှသိရသည်။
02 Jun 2021
DMG ၊ ဇွန် ၂
ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့်အတူ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၈ ဦးအမှုအား ရုပ်သိမ်းလိုက်ပြီဖြစ်သဖြင့် ယင်းအမှုကို ဆက်လက်မစစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှသိရသည်။
ယနေ့ (ဇွန်လ ၂ ရက်နေ့) တွင် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံး၌ ၎င်းတို့ ၈ ဦးကို ရုံးထုတ်ခဲ့သော်လည်း အမှုမစစ်ဆေးဘဲ တရားလိုရဲမှူးတင့်ရွှေက အမှုကိုရုပ်သိမ်းကြောင်း လျှောက်တင်ခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။
"တရားစွဲအဖွဲ့အစည်း သတင်းတပ်ဖွဲ့က အမှုရုပ်သိမ်းဖို့တင်တယ်။ တရားရုံးကိုတင်တာတော့မဟုတ်ဘူး။ ခရိုင်ဥပဒေရုံးကိုတင်တယ်။ ဒီအမှုမှာက အကြမ်းဖက်မှုဗဟိုအဖွဲ့က ခွင့်ပြုမိန့်နဲ့ တရားစွဲဆိုထားခြင်းဖြစ်တယ်။ ပုံမှန်အတိုင်းကတော့ ဥပဒေရုံးက တရားရုံးကို တိုက်ရိုက်အမှုရုပ်သိမ်းခွင်တင်ရမယ်။ ဒါပေမယ့် ထပ်ပြီးတော့ အကြမ်းဖက်မှုဗဟိုအဖွဲ့က သဘောတူညီချက်တောင်းခံတယ်။ အဲဒီက ခွင့်ပြုချက်ရတော့ ဥပဒေရုံးက ရုပ်သိမ်းခွင့်တင်ရင် အမှုကပြီးပြီ" ဟု ဦးအောင်ကျော်စိန်က ပြောသည်။
ယင်နေ့ရုံချိန်းတွင် နောက်ဆုံးသက်သေဖြစ်သည့် ဒုရဲမှူးမင်းမင်းသူ ရောက်ရှိလာသော်လည်း အဆိုပါအမှုကို ရုပ်သိမ်းလိုက်ပြီဖြစ်သည့်အတွက် တရားသူကြီးက မစစ်ဘဲပြန်လွတ်လိုက်ကြောင်း ဦးအောင်ကျော်စိန်က ဆိုသည်။
ကိုအောင်မြတ်ကျော်နှင့်အတူ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၈ ဦးအမှုနှင့်ပတ်သက်၍ လာမည့် ဇွန်လ ၉ ရက်နေ့ကို ထပ်မံရုံးချိန်းထားပြီး ပြန်လွတ်မည်/မလွတ်မည်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အကြောင်းကြားစာအပေါ်မှာမူတည်ကြောင်း တရားလွှတ်တော်ရှေ့နေက ဆက်လက်ပြောသည်။
ရခိုင်အသင်း (စင်္ကာပူ) မှ ခေါင်းဆောင်များဖြစ်ကြသည့် ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မမေကြီး၊ ကိုတင်လှိုင်ဦး၊ ကိုမြတ်လေးဦး၊ ကိုရွှေလှိုင်သန်းတို့ကို ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်ဆက်နွယ်မှု၊ ငွေကြေးထောက်ပံ့မှုများရှိသည်ဆိုသည့် စွပ်စွဲချက်များဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းက ဖမ်းဆီးခဲ့သည်။
အဆိုပါ ရခိုင်လူငယ် ၈ ဦးကို ရန်ကုန်တိုင်းသတင်းတပ်ဖွဲ့မှ ရဲမှူးတင်ရွှေကတရားလိုပြုလုပ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀ (ည)၊ ၅၂ (က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်အသင်း (စင်္ကာပူ) သည် ရခိုင်ပြည်၌ သဘာဝဘေးဒဏ်ကျရောက်မှုများ၊ စစ်ဘေးဒဏ်ခံရသည့် ပြည်သူများကို ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းတစ်ခုအဖြစ် လူသိများကြသည်။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂) နှစ်တာကာလအတွင်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းအရသိရသည်။
ပြီးခဲ့သည့် မေလအတွင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုခံထားရေသာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်မှု ၁၇ မှုကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။