ဒေါ်အောင်ဆန်းစုကြည်နှင့် သြစတြေးလျနိုင်ငံသားတို့ကို နိုင်ငံတော်လျို့ဝှက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးအကြံပေးဟောင်း မစ္စတာ ရှောင်တာနယ်တို့ကို နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေဖြင့် ယနေ့ (စက်တင်ဘာလ ၂၉ ရက်)တွင် ထောင်ဒဏ်(၃)နှစ်စီ ချမှတ်ခဲ့ကြောင်း နေပြည်တော် တရားရုံးအသိုင်းအဝိုင်းမှ သိရသည်။

29 Sep 2022

ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးပညာရှင် သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်ကို တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၂၉

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးအကြံပေးဟောင်း မစ္စတာ ရှောင်တာနယ်တို့ကို နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေဖြင့် ယနေ့ (စက်တင်ဘာလ ၂၉ ရက်)တွင် ထောင်ဒဏ်(၃)နှစ်စီ ချမှတ်ခဲ့ကြောင်း နေပြည်တော် တရားရုံးအသိုင်းအဝိုင်းမှ သိရသည်။

၎င်းတို့ကို စစ်ကောင်စီက နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေဖြင့် နေပြည်တော်ထောင်အထူးတရားရုံးမှ ထောင်ဒဏ်သုံးနှစ်စီ အသီးသီးချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

“အန်တီစုနဲ့ မစ္စတာ ရှောင်တာနယ်ကို နိုင်ငံတော်လျို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားစွဲထားတဲ့အမှုကို ဒီနေ့မှာပဲ အမိန့်ချပါတယ်။ တစ်ယောက်ကို ထောင်ဒဏ်သုံးနှစ်စီ ချလိုက်တာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် ဖမ်းဆီးခံရသည့် ရှောင်တာနဲလ်ထံမှ တွေ့ရှိသော စာရွက်စာတမ်းများမှာ အစိုးရလျှို့ဝှက်ချက်ကို ဖောက်ဖျက်သည်ဟုဆိုကာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ)ဖြင့် စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထောင်ဒဏ်ချမှတ်မှုနှင့်ပက်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်တို့မှ အပြစ်မရှိကြောင်း ငြင်းဆိုထားပြီး အယူခံဝင်ရန်ရှိနေကြောင်း ရှေ့နေအသိုင်းအဝန်းထံမှ သိရသည်။

အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက “တရားစွဲခံရတာနဲ့ပက်သက်ပြီးတော့ အပြစ်မရှိဘူးလို့ ငြင်းဆိုထားတယ်။ အယူဝင်ဖို့ ရှိပါတယ်။ ရမရကတော့ မပြောတတ်သေးဘူးပေါ့နော်”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ယခင်က အမှုပေါင်း ၁၁ မှုအတွက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရပြီး ယခုအခါ ထောင်ဒဏ်(၃)နှစ်တိုးလာ၍ စုစုပေါင်းထောင်ဒဏ် ၂၃ နှစ် ကျခံထားရပြီးလည်းဖြစ်သည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲလှူဒါန်းမှုနှင့် ရဟတ်ယာဉ်ဝယ်ယူမှု တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၅ ဖြင့် စစ်ကောင်စီမှ တရားစွဲဆိုထားပြီး လာမည့်အောက်တိုဘာလ (၄)ရက်တွင် ရုံးချိန်းထားကြောင့် တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။

တရားရုံးနှင့် နီးစပ်သူတစ်ဦးက “လုပ်ငန်းရှင် ဦးဝိတ်က ဒေါ်ခင်ကြည်ဖောင်ရှင်းထံကို ငွေလှူဒါန်းတဲ့ အဂတိအမှုကို အောက်တိုဘာ ၄ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက်တင်မှာဖြစ်ပါတယ်။ စစ်ဆေးတာလည်း အပြီးသတ်မယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ- ၁၃၀(က)ဖြင့် တရားစွဲဆိုထားသည့်အမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က ၊ ကိုဗစ်ရောဂါကာကွယ်ရေးထိန်းချုပ်မှုဆိုင်ရာဥပဒေပုဒ်မ၊ အဂတိမှုအပါအဝင် အမှုပေါင်း (၂၀)ခန့်ဖြင့် စစ်ကောင်စီမှ တရားစွဲဆိုခဲ့သည်။ ယင်းအထဲမှ အမှု ၁၁ မှုကို အမိန့်ချမှတ်ထားပြီး အဂတိမှုအပါအဝင် နောက်ထပ်(၇)မှုဖြင့် တရားရင်ဆိုင်နေရသေးသည်။

ဗီဒီယိုများ