စစ်တွေမှ ရဲအရာရှိတစ်ဦးပစ်သတ်ခံရမှု သေနတ်သမားကို ပိတ်ဆို့ရှာဖွေနေသော်လည်း မမိသေးဟုဆို

စစ်တွေမြို့၊ ဆေးရုံကြီးအနီးတွင် သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံရ၍ ဒုရဲအုပ်သိပ္ပံ သေဆုံးသွားခဲ့မှုတွင် သေနတ်သမားကို ပိတ်ဆို့ရှာဖွေနေသော်လည်း မဖမ်းမိသေးဟု ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

09 Sep 2022

စစ်တွေမြို့မရဲစခန်းရှေ့တွင် ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၉

စစ်တွေမြို့၊ ဆေးရုံကြီးအနီးတွင် သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံရ၍ ဒုရဲအုပ်သိပ္ပံ သေဆုံးသွားခဲ့မှုတွင် သေနတ်သမားကို ပိတ်ဆို့ရှာဖွေနေသော်လည်း မဖမ်းမိသေးဟု ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

အခင်းဖြစ်ပွားစဉ် ညတွင်းချင်းတွင် ရဲတပ်ဖွဲ့ဝင်များသည် မြို့အနှံ့ ပိတ်ဆို့ရှာဖွေမှုပြုလုပ်ခဲ့သော်လည်း သေနတ်သမားကို မဖမ်းမိသေးဟုဆိုသည်။ သေဆုံးသွားသည့်ရဲအရာရှိသည် စစ်တွေမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော အသက် ၄၂ နှစ်အရွယ် နယ်ထိန်းခေါင်းဆောင်တစ်ဦးဖြစ်သည်။

“လောလောဆယ်တော့ အမှုဖွင့်ပြီးတော့ စုံစမ်းတုန်းပဲပေါ့။ လူသတ်မှု ၃၀၂ နဲ့တော့ အမှုဖွင့်ထားတယ်”ဟု ပြည်နယ်ရဲတပ်ဖွဲ့မှ  အရာရှိတစ်ဦးက DMG ကိုပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့ ည ၆ နာရီခန့်တွင် စစ်တွေဆေးရုံကြီးအနီး မီးပွိုင့်ကိုဖြတ်ရန်စောင့်ဆိုင်းနေစဉ် အဆိုပါရဲအရာရှိကို သေနတ်သမားက ညဘက်နားထင်ကို အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းနှင့်အတူ ဆိုင်ကယ်စီးနင်းလိုက်ပါလာသည့် ဇနီးနှင့် ၆ နှစ်အရွယ်သမီးငယ်တို့မှာ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မီးပွိုင့်လမ်းဆုံ ဂေါက်ကွေ့မှာပေါ့။ သေနတ်သံ ၃ ချက်ကြားတယ်။ မိသားစု ၃ ယောက် ဆိုင်ကယ်နဲ့လာတာ။ မီးပွိုင့်ကလည်းနီနေတုန်းပေါ့။ ဆိုင်ကယ်နှစ်စီ‌ဘေးချင်းဆိုင်ပြီး အနီးကပ်ပစ်သွားတာ။ အဲဒီနားမှာက နည်းနည်းမှောင်နေတော့ ဖြစ်တာနဲ့ လူတွေကြောက်လန့်ပြီးထွက်ကြတော့ ဘယ်သူပစ်မှန်းဆိုတာကို သာမာန်လူတစ်ယောက်အနေနဲ့ မှန်းပြီးမပြောချင်ပါဘူး“ဟု အခင်းဖြစ်ပွားရာနေရာသို့ သွားကြည့်ခဲ့သူတစ်ဦးကဆိုသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် နယ်ထိန်းခေါင်းဆောင်မှာ အခင်းဖြစ်ပွားရာနေရာတွင် ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက် ဆေးရုံသို့ ယူဆောင်သွားရာတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု လိုက်ပါပို့ဆောင်ခဲ့သူတစ်ဦးကပြောသည်။

”ညာဘက်နားရွက်အောက်ဘက်မှာ သေနတ်ဒဏ်ရာနှစ်ချက်။  မီးပွိုင့်မှာ ဆိုင်ကယ်ရပ်နေတုန်း ဘေးကလာပြီးပစ်သွားတာပါ။ သူတို့ ၃ ယောက်က ဆိုင်ကယ်တစ်စီးတည်းနဲ့လာတာ။ သူ့မှာနောက်က မိန်းမပါတယ်။ သမီးကလေးတစ်ယောက်လည်းပါတယ်။ သူတို့တော့ ဘာမှမဖြစ်ပါဘူး”ဟု ၎င်းကပြောသည်။

အဆိုပါရဲအရာရှိသည် သြဂုတ်လ ၁၅ ရက်နေ့ကဖြစ်ခဲ့သော စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးတွင် ဓားထိုးခံ၍သေ ဆုံးသွားသည့် မနွယ်သန္ဒာဝင်းအမှုကို အဓိကစုံစမ်းနေသည့် ရဲအရာရှိတစ်ဦးဖြစ်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“သူက အဲဒီနွယ်သန္ဒာဝင်းအမှုကို အဓိကကိုင်တာတော့ မဟုတ်ဘူးပေါ့။ အဲဒီအမှုကို အဓိကစုံစမ်းရတဲ့သူပေါ့။ သူ့ကို အားကိုးတာပေါ့”ဟု ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက DMG ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းကလည်း စစ်တွေမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်ကြီး မောင်မောင်သန်းသည် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် အမည်မသိလူတစ်ချို့၏ ဓားဖြင့်ထိုးသတ်ခြင်းကိုခံရပြီး နေရာတွင်သေဆုံးခဲ့သည်။

ဗီဒီယိုများ