- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ကိုဗစ်ကာလအတွင်း ရခိုင်တွင် ကုန်စည်ပြတ်တောက်မှုမရှိစေရန် ကုန်တင်ကားများအား ဖြတ်သန်းသွားလာခွင့်ပြုထား
COVID-19 ဖြစ်ပွားနေသည့်ကာလအတွင်း ရခိုင်ပြည်နယ်တွင် ကုန်စည်ပြတ်တောက်မှုများမရှိစေရန် ကုန်ကားများအား ပုံမှန်သွားလာနေကျအတိုင်း ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
27 Aug 2020

နှင်းနွယ် | DMG
သြဂုတ် ၂၇ ၊ စစ်တွေ
COVID-19 ဖြစ်ပွားနေသည့်ကာလအတွင်း ရခိုင်ပြည်နယ်တွင် ကုန်စည်ပြတ်တောက်မှုများမရှိစေရန် ကုန်ကားများအား ပုံမှန်သွားလာနေကျအတိုင်း ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ရခိုင်ပြည်နယ်မှ ထွက်သည့်ကားများအား အကန့်အသတ်မရှိသွားလာခွင့်ပေးထားသော်လည်း ရန်ကုန်၊ မကွေးတိုင်းဘက်မှ ရခိုင်သို့ဆင်းလာသည့်ကုန်ကားများကိုမူ သက်ဆိုင်ရာမြို့နယ်အတွင်းသို့ ဝင်ခွင့်မပြုဘဲ ကုန်ပစ္စည်းများအား သတ်မှတ်ထားသည့်နေရာ၌သာချရန် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကဦးဆောင်ပြီး သြဂုတ်လ ၂၃ ရက်နေ့ကစတင်ကာ စနစ်တကျလုပ်ဆောင်နေကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောသည်။
“ကားတွေကို မြို့ထဲကိုလုံးဝအဝင်မခံဘဲ သတ်မှတ်ထားတဲ့နေရာမှာပဲ ပစ္စည်းတွေကိုချခိုင်းတယ်။ ဒါမှမဟုတ် မကွေး၊ မန္တလေးကတက်လာတဲ့ကုန်ကားတွေကို သက်ဆိုင်ရာမြို့နယ်တွေက လာကြိုမယ်ဆိုလည်း ဒီမှာ ယာယီ ကုန်ချမယ့်နေရာ လုပ်ပေးထားတယ်။ အမ်းမှာချမယ့် ကုန်ကားတွေဆိုရင်လည်း မြို့ထဲကိုအဝင်မခံဘူး။ ကုန်ချ ရမယ့်နေရာမှာ ချခိုင်းတယ်။ ပြီးတော့ မြို့ထဲကသက်ဆိုင်ရာကုန်သည်တွေကလာယူကြတယ်။ အတားအဆီး အပိတ်ပင်တွေမရှိဘူး။ ကားတွေက ပုံမှန်တိုင်း တက်လို့ဆင်းလို့ရတယ်။ မြို့ထဲကိုသာ ဝင်လို့မရတာ’’ ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်၏ဝင်ပေါက်မှာ အမ်းမြို့နယ်ဖြစ်သည့်အတွက် အဆိုပါမြို့၌လုပ်ဆောင်သည့်အတိုင်း မင်းပြား၊ မြေပုံ၊ စစ်တွေ စသည့် ရခိုင်ကမြို့နယ်များအားလုံးတွင်လည်း ယခုကဲ့သို့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးကိုကိုမြတ်က ဆက်ပြောသည်။
“ကျွန်တော်အဓိကပြောချင်တာကတော့ ရခိုင်မှာ ကုန်စည်စီးဆင်းမှုပြတ်တောက်သွားတာမရှိပါဘူး။ ပြည်မက လာတဲ့ ကားသမားတွေကို Quarantine ဝင်ခိုင်းတယ်ဆိုတာလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ ကားသမားတွေကို သတ်မှတ်ထားတဲ့နေရာမှာကုန်ချခိုင်းပြီးတော့ ကျန်းမာရေးဌာနကသတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ညီရင် ချက်ချင်းပြန်လွှတ်ပါတယ်။ ဒါကြောင့် ကားတွေကိုရပ်ထားပြီး ကားသမားတွေကို Quarantine ဝင်ရတယ်ဆိုတာ ကျွန်တော်တို့ရခိုင်ပြည်မှာမရှိပါဘူး ” ဟု ဦးကိုကိုမြတ်က ဆိုသည်။
သို့သော် စစ်တွေမြို့၌ ကိုဗစ်ပိုးတွေ့လူနာစတင်တွေ့ရှိပြီးနောက်ပိုင်း စစ်တွေမှထွက်သည့်ကားများမှာ လမ်းခရီး၌ဖြတ်သန်းခွင့်မပြုမည်ကိုစိုးရိမ်သောကြောင့် ကားသမားများမှာလည်း မသွားရဲတော့သဖြင့် စစ်တွေမြို့၏ ကုန်စည်စီးဆင်းမှုကျဆင်းသွားကာ ကုန်ပစ္စည်းပြတ်တောက်မှုများရှိသည်ဟု ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက DMG သို့ ပြောဆိုထားသည်။
“လက်ရှိ စစ်တွေမြို့အခြေအနေကတော့ ကုန်စည်စီးဆင်းမှုပြတ်တောက်သွားတဲ့အခြေအနေရှိတယ်။ လက်ရှိ ဈေးကွက်မှာရှိတဲ့ ဆန်တွေကလည်း ဝင်လာတာနည်းတဲ့အတွက် ဈေးနည်းနည်းတက်သွားတယ်လို့ ကျွန်တော် တို့ကို သတင်းပေးတာရှိပါတယ် ’’ ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်တွင် COVID-19 အတည်ပြုလူနာ ၁၈၄ ဦးထိရှိလာနေပြီး ယင်းထဲတွင် စစ်တွေမြို့နယ်မှ (၁၁၄)ဦး၊ ပေါက်တော (၁၃)ဦး၊ မောင်တော(၁၃)ဦး၊ မြောက်ဦး(၁၄)ဦး၊ မြေပုံ(၆)ဦး၊ မင်းပြား(၅)ဦး၊ ကျောက်ဖြူ (၄)ဦး၊ ဘူးသီးတောင်(၆)ဦး၊ ကျောက်တော်(၆)ဦး၊ သံတွဲ(၂)ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ၁ ဦးတို့ ဖြစ်ကြသည်။