စပါးရိတ်သိမ်းခြွေလှေ့စက် ၂၈ စီးကို ရခိုင်အစိုးရ လေလံတင်ရောင်းချ

“ ဒီစက်တွေဟာ တောင်သူတွေအတွက် အများကြီးအထောက်ကူဖြစ်နိုင်ပါတယ်။ ရခိုင်ပြည်နယ်ဟာ လုပ်သားအင်အားရှားပါးတဲ့အတွက် စပါးရိတ်ဖို့အတွက် လူတစ်ယောက်ကို ကျပ် တစ်သောင်းပေးပြီးငှားမရပါဘူး။ ဒီစက်တွေက ဧကအလိုက်မှ ၄ သောင်း ၅ သောင်းခန့်ပိုလို့ ဈေးမပေးရပါဘူး။ တစ်ဘက်ကလည်း ရိတ်သိမ်းခြွေလှေ့စက်နဲ့ လျှင်မြန်မြန် တွင်ကျယ်စွာ လုပ်နိုင်သလို အခြားသီးနှံတွေကိုလည်း ရာသီမီ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ် ”

By ခိုင်ရိုးလ 03 Oct 2018

ခိုင်ရိုးလ၊ DMG

အောက်တိုဘာ ၃၊ စစ်တွေ

 

ရခိုင်အစိုးရပိုင် စပါးရိတ်သိမ်းခြွေလှေ့စက် ၂၈ စီးကို အောက်တိုဘာလ ၃ ရက်နေ့တွင်  ပြည်နယ်အစိုးရအဖွဲ့က လေလံတင် ရောင်းချလိုက်သည်။

 

အဆိုပါ စက်များမှာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူထားခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်းရှိ  တောင်သူအများစုက လိုအပ်ကြောင်း စာတင်လာသဖြင့် ခရိုင် ၅ ခု အလိုက် ခွဲဝေပြီး လေလံတင် ရောင်းချခြင်းဖြစ်သည်။

 

ယင်း စပါးရိတ်သိမ်းခြွေလှေ့စက် ၂၈ စီးကို  စစ်တွေခရိုင်အတွက် ၇ စီး၊ မြောက်ဦးခရိုင်အတွက် ၁၃ စီး၊ မောင်တောခရိုင်အတွက်  ၃ စီး၊ ကျောက်ဖြူခရိုင်အတွက် ၃ စီးနှင့် သံတွဲခရိုင်အတွက် ၂ စီး ခွဲဝေကာလေလံတင်ရောင်းခြင်းဟုပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဦးကျော်လွင်ကပြောသည်။

 

“ ဒီစက်တွေဟာ တောင်သူတွေအတွက် အများကြီးအထောက်ကူဖြစ်နိုင်ပါတယ်။ ရခိုင်ပြည်နယ်ဟာ လုပ်သားအင်အားရှားပါးတဲ့အတွက် စပါးရိတ်ဖို့အတွက် လူတစ်ယောက်ကို ကျပ် တစ်သောင်းပေးပြီးငှားမရပါဘူး။ ဒီစက်တွေက ဧကအလိုက်မှ ၄ သောင်း ၅ သောင်းခန့်ပိုလို့ ဈေးမပေးရပါဘူး။ တစ်ဘက်ကလည်း ရိတ်သိမ်းခြွေလှေ့စက်နဲ့ လျှင်မြန်မြန် တွင်ကျယ်စွာ လုပ်နိုင်သလို အခြားသီးနှံတွေကိုလည်း ရာသီမီ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ် ”ဟု ၎င်းကဆိုသည်။

 

 အဆိုပါ စက်များ ရခိုင်တောင်သူများလက်ထဲသို့ ရောက်ရှိသွားလျှင်  ဒေသအတွင်း အလုပ်ကိုင်ရှားပါးမှုပြဿနာကို တစ်ဘက်တစ်လမ်းက ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ဦးကျော်လွင်က မျှော်မှန်းသည်။

 

ကျောက်တော်မြို့မှ လေလံလာတင်သူ ဦးမောင်ထွီးက “ ရခိုင်ပြည်နယ်မှာ နှစ်စဉ်နှစ်တိုင်း ရိတ်သိမ်းချိန်လွန်လို့ စပါးရနှုန်း ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းလောက်လျှော့ကျနေတာတွေ့ရတယ်။ ဒီစက်တွေရလာရင် သီးထွက်တိုးအောင်လုပ်နိုင်မယ်။ အခုက လုပ်သားအင်အားနည်းလာတဲ့အတွက့် စက်မရှိရင် စပါးကိုအချိန်မီမရိတ်နိုင်တာတွေရှိကာ  စပါးသီးထွက်လျှော့ခြင်းတွေဖြစ်နေတယ် ” ဟု ပြောသည်။

အဆိုပါ လေလံတင်ပွဲတွင် ရခိုင်ပြည်နယ် ၁၇  မြို့နယ်အတွင်းက လယ်သမားနှင့် လုပ်ငန်းရှင် ၅၀ ဦးတို့ကတက်ရောက် လေလံဆွဲခဲ့ကြသည်။