ရန်ကုန်တွင် စားသုံးဆီတန်ချိန် ၂၇၀၀ ကျော်ကို စစ်ကောင်စီသတ်မှတ်ဈေးဖြင့် ရောင်းချမည် 

ရန်ကုန်တွင် စားသုံးဆီတန်ချိန် ၂၇၈၃ ဒသမ ၄ တန်ကျော်ကို စစ်ကောင်စီ၏ သတ်မှတ်ရည်ညွှန်းဈေး ဆီတစ်ပိဿာလျှင် ငွေကျပ် ၄,၄၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

By Admin 01 Sep 2023

ဓာတ်ပုံ - မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း
ဓာတ်ပုံ - မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း

DMG ၊ စက်တင်ဘာ ၁

ရန်ကုန်တွင် စားသုံးဆီတန်ချိန် ၂၇၈၃ ဒသမ ၄ တန်ကျော်ကို စစ်ကောင်စီ၏ သတ်မှတ်ရည်ညွှန်းဈေး ဆီတစ်ပိဿာလျှင် ငွေကျပ် ၄,၄၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း နှင့် ပြည်တွင်းဆီတင်သွင်းသည့် ကုမ္ပဏီ ၁၅ တို့ ပူးပေါင်းပြီး ရန်ကုန်မြို့၊ ဘုရင်နောင့်ကုန်စည်ဒိုင်၊ ညောင်ပင်လေးဈေး၊ လက္ကားရောင်းချနေသော ဆီဆိုင်များမှတစ်ဆင့် ဩဂုတ်လ ၂၈ ရက်နေ့မှစ၍ ရောင်းချပေးလျက်ရှိသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ဆီဆိုင်ပေါင်း ၆၀၀ ကျော်မှ သတ်မှတ်ရည်ညွှန်းဈေးဖြင့် စားသုံးဆီ ပီပါပေါင်း ၅,၀၃၀ ရောင်းချပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆီ ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ကျနော်တို့ကတော့ လက်ကားရောင်းချပေးတဲ့ဆိုင်ပါ။ ကျနော်တို့ ဂိုထောင်ထဲက လိုသလောက် ဝယ်ယူလို့ရပါတယ်။ တစ်ဦးကို ဘယ်လောက်ပဲ ရောင်းရမယ်လို့လည်း မကန့်သတ်ထားပါဘူး”ဟု ရန်ကုန်မြို့ ဘုရင်နောင့်ကုန်စည်ဒိုင်တွင် စားသုံးဆီရောင်းနေသည့် ဦးကျော်ဇင်ဦးက ပြောသည်။

စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ကို ဩဂုတ်လ ၂၈ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး လက္ကားဖြန့်ဖြူး ရောင်းချပေးနေသည့် လုပ်ငန်းရှင်များကို အမြတ်ငွေ ၂ ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ရောင်းချရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သတိပေးထားသည်။

လက်လီအရောင်းဆိုင်များတွင် စစ်ကောင်စီ သတ်မှတ်ရည်ညွှန်းဈေး စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၄,၁၅၅ တွင် အမြတ်ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုသော ဈေးနှုန်းဖြင့် ရောင်းချရန်ညွှန်ကြားထားကြောင်း လက်လီအရောင်းဆိုင်ရှင်များက ပြောသည်။

“အလုပ်သမားစရိတ်၊ လမ်းစရိတ်နဲ့တွက်ပြီး လက်လီ၊ လက္ကား ၄၄၀၀ ကျပ်နဲ့ပဲ ဖြန့်ပါတယ်။ ဘယ်နေ့အထိ ရောင်းရမယ်ဆိုတာတော့ ဆီအသင်းက ညွှန်ကြားထားခြင်း မရှိပါဘူး။ ဆီအသင်းကနေ ခွဲတမ်းရတဲ့အထိ ရောင်းသွားမှာပါ” ဟု ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှ လက်လီအရောင်းပိုင်ရှင်တစ်ဦးက ပြောသည်။

ပြင်ပလက်လီဈေးကွက်တွင် စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၁၁,၀၀၀ ရှိပြီး စစ်ကောင်စီသတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချပြီးနောက် စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၉,၀၀၀ အထိ လျော့ကျသွားကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။

စားသုံးဆီဈေးနှုန်း အဆမတန်မြင့်တက်နေချိန်တွင် ဈေးလျော့ရောင်းချမှုကြောင့် ရန်ကုန်မြို့တွင်း လက်လီ၊ လက္ကား အရောင်းဆိုင်များ၌ လာရောက်တန်းစီ ဝယ်ယူသူ များပြားလျက်ရှိနေသည်။

“အခုဆိုရင် စားသုံးဆီက ဈေးကျလာတော့ ကျွန်မတို့ အသက်ရှူ နည်းနည်းချောင်လာတယ်။ အရင်က တစ်ပိဿ တစ်သောင်းကျော် ဝယ်သုံးနေရတာ။ ကုန်ဈေးနှုန်းတွေက အစစအရာရာတက်နေတော့ အဆင်မပြေဘူး။ ဈေးရောင်းရပေမယ့်လည်း အမြတ်မကျန်ဘူး။ လူပင်ပန်းတယ်။ အခုတော့ နည်းနည်းအသက်ရှူချောင်တယ်” ဟု ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှ ဒေါ်မနီက ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် နိုင်ငံစီးပွားရေး အဘက်ဘက်မှ ယိုင်လဲနေပြီး ပြည်သူများမှာ ဆန်ဈေးအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်မားမှုကြောင့် စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ခံစားနေကြရသည်။

စစ်ကောင်စီက ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် စားသုံးနိုင်ရေးအတွက် စားအုန်းဆီဈေးနှုန်းများကို ယခုရက်ပိုင်းအတွင်း သိသိသာသာကျဆင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

#I004

ဗီဒီယိုများ