ရခိုင်နှင့် ပလက်ဝတွင် မြန်မာစစ်တပ်နှင့် AA တို့ နှစ်ရက်အတွင်း တိုက်ပွဲ ၃ နေရာဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ(၃)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

By Admin 02 Nov 2022

ရခိုင်နှင့် ပလက်ဝတွင် မြန်မာစစ်တပ်နှင့် AA တို့ နှစ်ရက်အတွင်း တိုက်ပွဲ ၃ နေရာဖြစ်

တိုက်ပွဲတွင် သိမ်းဆည်ရမိသည့် လက်နက်များအား AA ထုတ်ပြန်။ ဓာတ်ပုံ - AA

DMG ၊ နိုဝင်ဘာ ၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ(၃)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလလ ၁ ရက်နေ့က တောင်ကုတ်မြို့နယ် ရွာပကာကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၄၀၀ ကျော် အကွာတွင် မြန်မာစစ်တပ်၏ စစ်ကြောင်းကို AA ဘက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ ပစ်ခတ်မှုအချို့ရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

တောင်ကုတ်မြို့နယ် ရွာပကာကျေးရွာနှင့် သက်ကယ်ပြင်ကျေးရွာကြား တောင်ကုတ်-သံတွဲကားလမ်းမတွင် မြန်မာစစ်တပ်၏ကားတစ်စီးကို AA ဘက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်း တောင်ကုတ် ဒေသခံတစ်ဦးကလည်းပြောသည်။

“ကျနော်တို့ သိရတာကတော့ မြန်မာစစ်တပ်က ကားတစ်စီးကို AA က မိုင်းဆွဲတိုက်ခိုက်လို့ တိုက်ပွဲဖြစ်တာလို့ သိရတယ်။ နောက်ပြီးတော့ မြန်မာစစ်တပ်က ရွာထဲကိုဝင်ပြီးတော့ ကျေးရွာသားတွေကို စစ်ဆေးတာရှိခဲ့တယ်လို့ သိရတယ်”ဟု ၎င်းကဆိုသည်။

ယနေ့(နိုဝင်ဘာလ ၂ ရက်) နံနက် ၇ နာရီခန့်တွင် ပလက်ဝမြို့နယ်၊ မြစ်ဝရွာ၏ အရှေ့တောင်ဖက်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် နံနက် ၉ နာရီခန့်တွင် မောင်တောမြောက်ပိုင်း ကျေးတောပြင်ကျေးရွာအနီး စစ်တပ်ကားကို AA က မိုင်းဆွဲခဲ့ကြောင်းလည်း ဦးခိုင်သုခကပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း မြန်မာစစ်တပ်ဖက်မှ ထိခိုက်ကျရှုံးမှုများရှိခဲ့သော်လည်း အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ယင်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၆)ရက်တာတိုက်ပွဲအတွင်း ရခိုင်ပြည်အတွင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကာ မြန်မာစစ်တပ်ဘက်မှ ၂၄ ဦးသေဆုံးကာ ၃၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထိုသို့ AA ထုတ်ပြန်သည့် တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သေဆုံးဒဏ်ရာရရှိခဲ့သည့် စာရင်းနှင့်ပတ်သက်ပြီး DMG အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ဗီဒီယိုများ