NUG ၊ PDF နှင့် EAO အဖွဲ့အချို့ကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြောဆိုချက် လက်တွေ့တွင် မဖြစ်နိုင်

NUG ၊ PDF နှင့် EAO အဖွဲ့အချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဟု (၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် စစ်ကောင်စီဥက္ကဌက ပြောဆိုလိုက်သည်။ 

By Admin 27 Mar 2023

ဓာတ်ပုံ - MRTV
ဓာတ်ပုံ - MRTV

DMG ၊ မတ်၂၇ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ၎င်းတို့ကို ကူညီပံ့ပိုးပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့များကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဟု ယနေ့ မတ်လ ၂၇ ရက်နေ့၌ ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ 

“ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ဖွဲ့စည်းခဲ့တဲ့ NUG ကတဆင့် ပေါက်ဖွားလာတဲ့ PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ၎င်းတို့ကိုကူညီပေးတဲ့ တချို့သော EAO များရဲ့ နိုင်ငံအပေါ်မှာ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေမှုများသာ ဖြစ်တယ်။ NUG နဲ့ အကြမ်းဖက်အဖွဲ့တွေကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းတွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု ယနေ့တပ်မတော်နေ့ မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ 

ယင်းအပြင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန် အလေးထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 

NUG ၊ PDF နှင့် EAO အချို့ကို အရေးယူသွားမည်ဟု စစ်ကောင်စီပြောဆိုချက်မှာ လက်တွေ့တွင် မဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အဖွဲ့များမှာ စစ်အာဏာရှင်တော်လှန်ရေးတွင် တသွေးတသားတည်းဖြစ်နေပြီဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။ 

“ဒီမိုကရေစီမရှိဘဲ ဖက်ဒရယ်မရှိနိုင်ဘူး၊ ဖက်ဒရယ်မရှိဘဲလည်း ဒီမိုကရေစီမရှိနိုင်ဘူး ဆိုတဲ့ နားလည်မှုနဲ့ ပေါင်းစည်းသွားကြတာကို သူ(စစ်ကောင်စီခေါင်းဆောင်)က စိုးရိမ်လာတာ။ ဒါပေမယ့် နှစ်ပေါင်းများစွာကလည်း ဒီ EAO တွေကို တိုက်ထုတ်အမြစ်ဖြတ်ချေမှုန်းလို့ မရခဲ့ဘူး။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ PDF တွေကို သွေးကွဲသွားအောင်၊ မပေါင်းစည်းနိုင်အောင် ခြိမ်းခြောက်တဲ့ သဘောမျိုးပဲဖြစ်တယ်။ အဲဒါကြောင့် သူပြောဆိုချက်အရ လက်နက်ကိုင်အဖွဲ့အစည်းတွေက PDF တွေကို မထောက်ပံ့တော့ဘူး၊ မပေါင်းစပ်တော့ဘူး၊ ပူးတွဲမဆောင်ရွက်တော့ဘူး ဆိုတာလည်း မဖြစ်နိုင်ဘူး။ အားလုံးက တပြေးညီဖြစ်နေပြီ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် NUG နှင့် စစ်ကောင်စီတို့မှာ တစ်ဖက်နှင့်တစ်ဖက် ချေမှုန်းရန် အပြန်အလှန် ပြောဆိုနေကြသော်လည်း ချေမှုန်း၍မရနိုင်ကြောင်းကို နားလည်လာမှသာ နို်ငငံရေးအရဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု နို်ငငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။ 

“နှစ်ဘက်စလုံးကတော့ ချေမှုန်းပစ်ဖို့ဆိုပြီး ပြောနေကြတယ်ပေါ့။ ဆိုတော့ အချိန်တစ်ခုကို စောင့်ရမယ်။ အချိန်တစ်ခုကို ဖြတ်သန်းပြီးတဲ့အခါမှာ ဘယ်ဘက်က အသာစီးရမှာလဲ ဆိုတာပေါ့။ နှစ်ဘက်စလုံးက အဆုံးရှုံးတွေ များနေတဲ့အခါမှာ တစ်ဘက်နဲ့တစ်ဘက် ချေမှုန်းဖို့မဖြစ်နိုင်ဘူး ဆိုတာကို သိလာတဲ့အချိန်ကျမှ စကားပြောကြမယ့်အချိန်ကို ရောက်လာနိုင်တာပေါ့” သူက ပြောသည်။

NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည် ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။

ယင်းအပြင် PDF တပ်ဖွဲ့များသည် အာဏာသိမ်းမှုကိုဆန့်ကျင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်များအား တိုက်ခိုက်လျက်ရှိသည်။ လက်ရှိတွင် NUG နှင့် EAO ၅ ဖွဲ့ကြား နိုင်ငံရေး၊ စစ်ရေး အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီး PDF များအား လေ့ကျင့်ရေးနှင့် လက်နက်တပ်ဆင်ရေး ကူညီပေးနေသည့် EAO အဖွဲ့ ၄ ဖွဲ့ခန့်ရှိနေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား။ ဓာတ်ပုံ - MRTV

PDF အဖွဲ့များနှင့် ၎င်းတို့ကို ပံ့ပိုးကူညီပေးနေသည့် EAO အဖွဲ့အစည်းများ၏ အကြမ်းဖက် လုပ်ဆောင်ချက်များကို ထိရောက်စွာထိန်းချုပ်နိုင်ရန် မြို့နယ်အများအပြားကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် စစ်ကောင်စီက ကြေငြာခဲ့သည်။

“အရေးကြီးတဲ့ မြို့တော်တွေကို စစ်အုပ်ချုပ်ရေးအမိန့်များ ထိုးမြှင့်သတ်မှတ်ပြီး ထိန်းချုပ်ဆောင်ရွက်လျက်ရှိတယ်။ ဒါဟာ ပြည်သူတွေကို ထိန်းချု်ပကန့်သတ်ခြင်း မဟုတ်ဘဲ ဒေသခံပြည်သူလူထု အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ဆောင်ရွက်နေကြတဲ့ အကြမ်းဖက်သမားများရဲ့ လုပ်ဆောင်ချက်တွေကို ထိရောက်စွာ ထိန်းချုပ်နိုင်ဖို့ပဲဖြစ်တယ် ဆိုတာကိုလည်း ထည့်သွင်းပြောကြားလိုတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။ 

စစ်ကောင်စီသည် စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းမှ စုစုပေါင်း မြို့နယ် ၄၇ ခုကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေငြာထားသည်။ 

ဗီဒီယိုများ