ရွေးကောက်ပွဲအတွက် ရခိုင့်ဦးဆောင်ပါတီ မှတ်ပုံတင်

AFP ပါတီသည် စစ်ကာင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် ရခိုင်အခြေစိုက်ပါတီများထဲတွင် ပထမဆုံးမှတ်ပုံတင်သည့် ပါတီဖြစ်လာသည်။

By Admin 28 Feb 2023

၂၀၂၀ ရွေးကောက်ပွဲတုန်းက APF ပါတီ၏ မဲဆွယ်စည်းရုံးရေးမြင်ကွင်း။
၂၀၂၀ ရွေးကောက်ပွဲတုန်းက APF ပါတီ၏ မဲဆွယ်စည်းရုံးရေးမြင်ကွင်း။

DMG ၊ ဖေဖော်ဝါရီ ၂၈

ရခိုင့်ဦးဆောင်ပါတီ (AFP) သည်  လာမည့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ မှတ်ပုံတင်လိုက်ပြီ ဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ထို့ကြောင့် AFP ပါတီသည် စစ်ကာင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် ရခိုင်အခြေစိုက်ပါတီများထဲတွင် ပထမဆုံးမှတ်ပုံတင်သည့် ပါတီဖြစ်လာသည်။

ရွေးကောက်ပွဲအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စနှင့်ပတ်သက်ပြီး  AFP ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကို DMG က ဆက်သွယ်နေဆဲ ဖြစ်သည်။

စစ်ကောင်စီသည်  ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ပြဌာန်းလိုက်ပြီး  ရက်ပေါင်း ၆၀ အတွင်း ပါတီများ မှတ်ပုံရန် ပြောဆိုထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ မှတ်ပုံတင်သည့် နိုင်ငံရေးပါတီပေါင်း ၁၃ ခုရှိကြောင်း  စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင့်ဦးဆောင်ပါတီ(AFP)ကို ရခိုင်အမျိုးသားပါတီ(ANP)မှ ၂၀၁၇ ခုနှစ်တွင် နုတ်ထွက်ခဲ့သော ဒေါက်တာအေးမောင်က ဦးဆောင်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာ အနိုင်ရခဲ့သည်။

လက်ရှိမှာ ရခိုင်မှအင်အားပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)မှာ ပါတီမှတ်ပုံတင်/မတင်ကိစ္စကို ဆွေးနွေးနေကြပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီအနေဖြင့် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။

အခြားတဖက်တွင်လည်း စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲမှာ ပြည်သူများ၏အပြောင်းအလဲကို ဖြေရှင်းမပေးနိုင်ကြောင်း မနေ့ကပြုလုပ်သည့် AA သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခ ကပြောဆိုထားသည်။

လာမည့်ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(First Past the Post – FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR) ဖြင့်ပြုလုပ်ရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

#R007

ဗီဒီယိုများ