- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
ရခိုင်အရေးနှင့် ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၆ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားသတင်းများကို တင်ဆက်ပေးလိုက်ပါသည်။
08 Jul 2025

ရခိုင်အရေးနှင့် ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၆ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားသတင်းများကို တင်ဆက်ပေးလိုက်ပါသည်။
■ အမ်းက စစ်ရှောင်နှစ်ထောင်ကျော် အရေးပေါ်အကူအညီလိုအပ်
ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်းက စစ်ဘေးရှောင်နှစ်ထောင်ကျော်မှာ လက်ရှိမိုးရာသီအတွင်း အမိုးအကာနှင့် စားနပ်ရိက္ခာအပြင် ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
စစ်ဘေးရှောင်များမှာ ရိုးမတောင်ခြေနှင့် အခြားကျေးရွာများရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း များ၌ နေထိုင်ကြသည်။ စစ်ဘေးရှောင်ဦးရေ ထူထပ်တာ၊ နေရာထိုင်ခင်း မလုံလောက်မှုကြောင့် လယ်ကွင်းပြင်၊ စားကျက်မြေနေရာများတွင် တဲထိုးနေထိုင်နေကြသူများလည်း ရှိနေသည်။
မိုးဦးကာလ ငှက်ဖျား၊ တုပ်ကွေးဖြစ်ပွားမှုနှင့်လည်း ရင်ဆိုင်နေရပြီး ဆေးရုံ၊ ဆေးခန်းနှင့် အလှမ်းဝေးခြင်း၊ လမ်းခရီးအခက်အခဲနှင့် ငွေကြေးအခက်အခဲ စသည့် စိန်ခေါ်မှုများရှိနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက အမ်းမြို့နယ်အတွင်း ငှက်ဖျားဖြစ်ပွားမှုနှင့် ဆေးဝါးလက်လှမ်းမမှီမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော စစ်ဘေးရှောင်ဦးရေ ၁၅ ဦးထက်မနည်း ရှိခဲ့သည်။
■ မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်းက ခွဆုံ၊ ဥက္ကံ၊ တောင်မြင့်၊ ကုန်ဘောင်နှင့် သျှင်ကျော်၊ စည်းမောင်း၊ ဝက်လှ စသည့်ကျေးများမှ ဒေသခံများမှာ ရာသီတုပ်ကွေးအဖြစ်များနေကြပြီး အသက်ဆုံးရှုံးရသူ နှစ်ဦးထိရှိလာကြောင်း ဒေသခံများက ပြောသည်။
မိုးဦးရာသီ ခြင်ပေါက်ဖွားနှုန်းများလာမှုကြောင့် ဇွန်လက စတင်ကာ ရာသီတုပ်ကွေး အဖြစ်များလာကြောင်း သိရသည်။
ကုန်ဘောင်ကျေးရွာက ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက်ကြီးပိုင်း အမျိုးသားတစ်ဦးတို့မှာ ဇွန်လနောက်ဆုံးပတ်က ရာသီတုပ်ကွေးဖြစ်ပွားရာမှ ရောဂါပြင်းထန်လာမှုကြောင့် အသက်ဆုံးရှုံး ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။ ရခိုင်မှာ အခုနှစ်မိုးတွင်းကာလ ခြင်ပေါက်ဖွားမှုနှုန်းမြင့်တက်နေပြီး ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါ အဖြစ်များနေကြသည်။
■ ရခိုင်က အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
ရခိုင်ပြည်၊ မြေပုံမြို့နယ်က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သည့်အမှုမှာ အာမခံဖြင့် လွတ်မြောက်နေသော ကျူးလွန်သူကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)မှ ပြန်လည်ဖမ်းဆီးခဲ့ပြီး ၎င်းအား အာမခံပေးခဲ့သည့် တရားသူကြီးကိုလည်း စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက် ည ၆ နာရီကျော်တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးမှ မိမိနေအိမ်ခြံဝင်းရှိ အိမ်သာသို့သွားစဉ် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးက အနီးရှိ ဘတ်ဟိုးကျင်းထဲသို့ ဆွဲခေါ်ကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သည်။
ထိုအခြေအနေကို ကျေးရွာသားတစ်ဦးက မြင်တွေ့သွားသဖြင့် အဓမ္မပြုကျင့်ရန်ကြိုးပမ်းသူ ထွက်ပြေးရာတွင် ကျေးရွာသားများမှ ဝိုင်းဝန်းဖမ်းဆီးကာ သက်ဆိုင်ရာအာဏာပိုင်ထံ အပ်နှံခဲ့ကြသည်။
ယင်းအမှုကို နစ်နာသူအမျိုးသမီး၏ မိသားစုဝင်များက ပုဒ်မ-၃၂၅ (အပြင်းအထန်နာကျင်စေမှု)၊ ပုဒ်မ- ၄၅၂ (ပြင်ဆင်၍ အိမ်ကျော်နင်းမှု)၊ ပုဒ်မ-၃၀၇ (လူသတ်မှုကျူးလွန်ရန် အားထုတ်ခြင်း) တို့နဲ့ အမှုဖွင့်ခဲ့ကြောင်း သိရသည်။ သို့သော် တရားရုံးက ပုဒ်မ-၃၅၄ (မိန်းမကာယိန္ဒြေပျက်စီးစေရန် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း) အမှုနှင့် ကျူးလွန်သူကို အာမခံပေးခဲ့သည်။
ထိုအမှုမှာ တစ်နှစ်ကျော်ကြာသော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိသဖြင့် နစ်နာသူ အမျိုးသမီးဘက်မှ ကျူးလွန်သူကို ထိရောက်သော ပြစ်ဒဏ်ပေးနိုင်ရန် မီဒီယာများမှတစ်ဆင့် တောင်းဆိုခဲ့သည်။
မီဒီယာများမှ သတင်းဖော်ပြခဲ့ပြီးနောက် အာမခံဖြင့်လွတ်မြောက်နေသော ကျူးလွန်သူအမျိုးသားကို အာရက္ခပြည်သူ့အစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)မှ ပြန်လည်ဖမ်းဆီးခဲ့ကာ တရားသူကြီးကိုလည်း စစ်ဆေးမှုများရှိလာခဲ့သည်။
လက်ရှိ မြေပုံမြို့နယ်က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့တဲ့အမှုတွင် နစ်နာသူ အမျိုးသမီးအတွက် တရားမျှတမှုရရှိရန် မိသားစုဝင်များမှ မျှော်လင့်နေကြသည်။
■ စကခ ၅ အနီး မိုင်းနင်းမိ၍ တောင်ကုတ်ဒေသခံ တစ်ဦး ဒဏ်ရာရ
ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် (ဇွန် ၃၀ ရက်)၊ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံ တစ်ဦးမှာ ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကံပိုင်ရပ်ကွက်နေ အသက် ၃၈ နှစ်အရွယ် ဦးစိုးနိုင်မှာ ဇနီးနှင့်အတူ အမှတ် ( ၅) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် - စကခ ၅ (စစ်ကောင်စီ၏ ယခင်တပ်စခန်းဟောင်း) အနီးသို့ ဟင်းရှာသွားစဉ် မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန် ၂၆ ကလည်း တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်က အသက် ၄၅ နှစ်အရွယ် ဦးသိန်းဝင်းမှာ စကခ ၅ အနီးတွင် လယ်ကန်စင်းရိုး ဆည်နေစဉ် ပေါက်တူးနှင့် မိုင်းတစ်လုံးကိုထိမိရာမှ ပေါက်ကွဲမှုဖြစ်ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ တစ်ရက်အကြာမှာ သေဆုံးခဲ့သည်။
လက်ရှိ ရခိုင်ဒေသတွင် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်မှာ ပြည်သူများအပေါ် ခြိမ်းခြောက်မှုကြီး ဖြစ်နေပြီး တောတောင်ကို အမှီပြု လုပ်ကိုင်စားသောက်နေသော ကျေးလက်ဒေသခံများမှာ အများဆုံး ရင်ဆိုင်နေကြရသည်။
■ စစ်ပြေးလက်ခံထားတဲ့ စွပ်စွဲချက်နှင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
အာရက္ခတပ်တော် (AA)နှင့် တိုက်ပွဲပြင်းထန်နေသော ကျောက်ဖြူရှေ့တန်းစစ်မျက်နှာမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများကို လက်ခံထားသည်ဟု စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့မှ လူငယ်လေးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း DMG က စုံစမ်းသိရှိရသည်။
ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်က ကိုအောင်ပိုင်၊ ကိုမိုးကျော်သန်း၊ ကိုမိုးစံထွန်းနှင့် ကိုသားကြီးတို့ဖြစ်ပြီး ဇွန်လ ၂၅ ရက် ညနေပိုင်းမှာ နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူလေးဦးကို ကျောက်ဖြူမြို့ပေါ်ရှိ ခလရ ၃၄ တပ်ရင်းမှာ ချုပ်နှောင်ထားကြောင်းသိရပြီး ပြန်လည်လွတ်မြောက်လာခြင်း ရှိ/မရှိကို မသိရသေးပေ။
ကျောက်ဖြူရှေ့တန်းစစ်မြေပြင်က ထွက်ပြေးတပ်သားများကို ကျောက်ဖြူမြို့ပေါ်မှ နေအိမ်များမှာ စစ်ကောင်စီက လိုက်လံရှာဖွေနေကာ ယင်းအကြောင်းပြချက်ဖြင့် ဒေသခံများကို ဖမ်းဆီးမှုများ ယခင်ကလည်း ရှိခဲ့ကြောင်း သိရသည်။
လက်ရှိ AA ထိုးစစ်မှာ မြို့အနီးကပ်လာနေပြီး စစ်ကောင်စီ၏ ခမရ (၅၄၂) နှင့် ခမရ (၅၄၃) များကိုလည်း AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေသည်။
ထိုအခြေအနေကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရှေ့တန်းစစ်မြေပြင်မှ ထွက်ပြေးမှုများ ဆက်တိုက်ရှိလာနေသည်။