- စစ်တွေတွင် လက်နက်ကြီးဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေ
- စင်္ကာပူတွင် တစ်သက်တစ်ကျွန်း ကျခံနေရသူ မြန်မာအမျိုးသမီး ပြစ်မှု ထောင်ဒဏ် ၁၇ နှစ်သို့ လျော့ကျ
- စစ်ကောင်စီထံ လက်နက်စီးဆင်းမှု ကန့်သတ်ခြင်းသည် မွတ်ဆလင်နေရပ်ပြန်ရေးအတွက် သော့ချက်ဟု ကုလကိုယ်စားလှယ်ပြော
- ARSA သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော ဟိန္ဒူဘာသာဝင်များအတွက် ဝမ်းနည်းခြင်း အခမ်းအနား ပြုလုပ်
- အရပ်သားသေဆုံးမှု အများဆုံးနှင့် အန္တရာယ်အရှိဆုံးဒေသ ရခိုင်ပြည်ဖြစ်နေ
အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (ဩဂုတ် ၁၈ မှ ၂၄ ရက်နေ့အထိ)
ရခိုင်အရေးနဲ့ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈ ရက်မှ ၂၄ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။
26 Aug 2025

ရခိုင်အရေးနဲ့ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈ ရက်မှ ၂၄ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။
■ ရွေးကောက်ပွဲလုပ်မယ့် ရခိုင်က မြို့ ၃ ခုမှာ ဖုန်း၊ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီ စီစဉ်နေ
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရခိုင်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ စီစဉ်နေကြောင်း DMG က စုံစမ်းသိရှိရပါတယ်။
ရွေးကောက်ပွဲအတွက် ဌာနဆိုင်ရာ လုပ်ငန်းတွေနဲ့ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး လာမယ့် စက်တင်ဘာလမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖွင့်ပေးဖို့ စီစဉ်နေတာလို့ ပြည်နယ်စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ရခိုင်မှာ တကျော့ပြန် တိုက်ပွဲစတင်ပြီးနောက် စစ်ရေးရှုံးနိမ်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလကစလို့ ရခိုင်တပြည်လုံးကို ဖုန်း၊ အင်တာနက်လိုင်းဖြတ်တောက်ခဲ့တာပါ။
လက်ရှိမှာ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ် ၃ ခုစလုံးမှာ MPT နဲ့ Mytel သုံးစွဲသူတွေကို အရင်ပုံစံ ဖုန်းလိုင်းနဲ့ အင်တာနက်ဝန်ဆောင်မှုတွေရရှိဖို့ စီစဉ်နေပြီး ပြီးစီးလို့ရှိရင် မြို့အနီး ကျေးရွာတွေပါ သုံးစွဲနိုင်မယ်လို့ သိရပါတယ်။
ရခိုင်တိုင်းရင်းသားများပါတီ (RNP) တည်ထောင်သူ ဦးဘရှိန်ကလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဖို့ မာန်အောင်မြို့နယ်ကို ဖုန်းလိုင်းတွေ ဖွင့်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။
ရခိုင်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပထမပိုင်းကို ပြုလုပ်သွားမယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကျင်းပမယ့်ရေးကောက်ပွဲမှာ ရခိုင်က နိုင်ငံရေးပါတီ ၆ ခု မှတ်ပုံတင်ခွင့်ရထားပါတယ်။
■ ထန်းရှောက်ခံရွာသား ၆၀၀ ကျော်ကို AA သတ်ဖြတ်ဆိုတဲ့ စွပ်စွဲချက် မွတ်ဆလင်အကြီးအကဲတွေ ရှုတ်ချ
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံရွာသား ၆၀၀ ကျော်ကို အာရက္ခတပ်တော် (AA)က သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် မောင်တောခရိုင် အစ္စလာမ်ဘာသာဝင် အကြီးအကဲတွေနဲ့ လူမှုအသိုင်းအဝိုင်းခေါင်းဆောင်တွေက ကန့်ကွတ်ရှုတ်ချတယ်လို့ ဩဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေ ၂ ရက်နဲ့ ၃ ရက်က ထန်းရှောက်ခံရွာမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ရာနဲ့ချီသေဆုံးခဲ့ပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြွင်းအကျန် အရိုးစုတွေကို AA က သတ်ဖြတ်ခဲ့တဲ့ ရွာသား ၆၀၀ ကျော်ရဲ့ အရိုးစုတွေဖြစ်ကြောင်း စွပ်စွဲပြောဆိုရေးသားနေမှုတွေမှာ မဟုတ်မမှန် လိမ်လည်လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထန်းရှောက်ခံရွာမှာ ၂၀၂၃ သန်းခေါင်စာရင်းအရ အိမ်ခြေ ၁၁၄ အိမ်၊ လူဦးရေ ၉၃၃ ဦးရှိပြီး လက်ရှိ ကောက်ယူထားတဲ့ စာရင်းအရ ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်သူ ၇၉၀ ဦး ပြည်ပသို့ ထွက်သွားသူ ၁၃၈ ဦး စုစုပေါင်း ၉၂၈ ဦး ရှိတာကြောင့် လူ ၆၀၀ ကျော်အသတ်ခံရတယ်ဆိုတာ လုံးဝယုတ္တိမရှိတဲ့ လုပ်ကြံသတင်းတွေသာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီလို လုပ်ကြံဖန်တီးဝါဒဖြန့်မှုတွေဟာ ဒေသတွင်း အတူနေ ရခိုင်နဲ့ မွတ်ဆလင်လူမျိုးတွေကြား သဟဇာတဖြစ်ရေး၊ အတူယှဉ်တွဲနေထိုင်ရေးကို ထိခိုက်ပျက်ပြားရုံသာမက လူမျိုးနှစ်မျိုးကို အမုန်းအာဃာတတွေ၊ အထင်အမြင်လွှဲမှားမှုတွေ၊ မယုံကြည်မှုတွေဖြစ်ပေါ်အောင် ရန်တိုက်ပေးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မွတ်ဆလင်အကြီးအကြဲတွေက ဆိုပါတယ်။
၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်က ထန်းရှောက်ခံရွာမှာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့အပါအဝင် စစ်သင်တန်းဆင်းမွတ်ဆလင်တပ်သား ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ AA ထံ လက်နက်ချခဲ့တဲ့ စကခ (၁၅) ဒု တပ်မမှူး ဗိုလ်မှူးကြီး ကောင်းမြတ်က ပြောထားပါတယ်။
■ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက AA လုံခြုံရေး စခန်းတွေကို ARSA တိုက်ခိုက်
ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရကျေးရွာအနီးမှာ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ ARSA နဲ့ AA တို့ ဩဂုတ် ၂၂ ရက်က တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နံသာတောင်၊ လိပ်ရကျေးရွာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ အာရက္ခတပ်တော် လုံခြုံရေးစခန်းတွေကို ARSA အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောထားပါတယ်။
လက်ရှိ မောင်တောမြောက်ပိုင်း၊တောင်ပြိုဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်မှာ မွတ်ဆလင် လက်နက်ကိုင်အုပ်စုတွေ ယာယီစခန်း အခြေစိုက်ပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ AA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်တာတွေရှိနေပါတယ်။
ဩဂုတ် ၁၇ ရက်ကလည်း ဘော်ဒီလီကျေးရွာဟောင်း အရှေ့ ဘက်တောင်ကြားကို AA က နယ်မြေရှင်းလင်းရေး လုပ်ရာမှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (RIM) ရဲ့ စခန်းနှစ်ခုကို လက်နက်ခဲယမ်းတွေနဲ့အတူ တွေ့ရှိခဲ့ပါတယ်။
မွတ်ဆလင်လက်နက်ကိုင်အုပ်စုတွေနဲ့ အာရက္ခတပ်တော်တို့ကြား တိုက်ပွဲတွေမှာ ပိုမိုပြင်းထန်လာပါက နောက်ဆက်တွဲအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်အတွင်းက မွတ်ဆလင်အရပ်သားတွေအပေါ် ဆိုးကျိုးရှိလာနိုင်ကြောင်း နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ ICG ရဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေးရာ လေ့လာ သူ သောမတ်စ်ကိန်းက ဇူလိုင်လ DMG နဲ့ အင်တာဗျူးမှာ ပြောဆိုထား ပါတယ်။
မောင်တောခရိုင်ကနေ AA ကို တိုက်ထုတ်မယ်လို့ဆိုကာ ARSA၊ RSO၊ ARA ၊ RIM မွတ်ဆလင်တပ်ဖွဲ့ ၄ ခု ပေါင်းစည်းပြီး Four Brothers Alliance အဖွဲ့ကို အခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းက စဖွဲ့ခဲ့ပါတယ်။
လက်ရှိ အာရက္ခတပ်တော်ဘက်က နယ်စပ်လုံ ခြုံရေးကိုပိုမိုအလေးပေး လုပ်ဆောင်နေပေမယ့်လည်း ARSA အဖွဲ့ရဲ့ မကြခဏ အလိုက်ငိုက် ဖမ်းကာ ခြုံခိုတိုက်ခိုက်တာတွေလည်း ရှိနေတာဖြစ်ပါတယ်။
■ စစ်ရေးလှုပ်ရှားမှုတွေကြောင့် စစ်တွေ - ပုဏ္ဏားကျွန်းနယ်စပ်က ကျေးရွာသားတွေ ရွှေ့ပြောင်း
စစ်ကော်မရှင်ရဲ့စစ်ရေးလှုပ်ရှားတွေနဲ့အတူ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်၊ ပုဏ္ဏာကျွန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေမှာ ဘေးလွတ်ရာနေရာကို အရေးပေါ်ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။
ကျွဲထိုး၊ တန်းခိုး၊ ဆင်အင်းကြီး၊ ပဒေသာ၊ အလယ်ချောင်း၊ အိုင်ဒင်စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေမှာ နီးစပ်ရာ မြို့နယ်တွေကို အရေးပေါ် တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
အဲဒီကျေးရွာသားတွေမှာ ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲကာလတုန်းကလည်း စစ်ဘေးတိမ်း ရှောင်ခဲ့ကြရပြီး စားဝတ်နေရေး အဆင်မပြေမှုတွေကြောင့် ပြန်လည်ဝင်ရောက်နေထိုင်ရာကနေ လက်ရှိမှာ ထပ်ပြီး တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
စစ်တွေမှာ စစ်ကော်မရှင်က ရေတပ်အင်အားတိုးချဲ့တာတွေ လုပ်လာနေပြီး စစ်တွေပွိုင့် ကမ်းခြေ၊ ပင်လယ်ပြင်နဲ့ ကုလားတန်မြစ်ဝ တလျှောက်မှာ စစ်သင်္ဘော ၁၀ စီးထက်မနည်း သွားလာလှုပ်ရှားတာတွေ ရှိနေတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
လက်ရှိ စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ကြား ထိုးစစ်တိုက်ပွဲ မရှိသေးပေမယ့် စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေကို တွေ့လာရတယ်လို့ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။
■ ULA ကျန်းမာရေးဌာနက သားဖွားသင်တန်း လျှောက်လွှာခေါ်ယူနေ
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ ကျန်းမာရေးဌာန လက်အောက်ရှိ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲတွေမှာ လစ်လပ်နေတဲ့ သားဖွားဆရာမတွေ အင်အားဖြည့်တင်း နိုင်ရေးအတွက် သင်တန်းခေါ်နေကြောင်း သိရပါတယ်။
ရခိုင်ပြည်တွင်းနေ လူမျိုးမရွေး အသက် ၂၅ နှစ်အောက် အမျိုးသမီးများကို ULA ရဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သားဖွားသင်တန်း လျှောက်လွှာတွေ ခေါ်ယူနေတာပါ။
အဲဒီသင်တန်းမှာ ၁၈ လတာကြာမှာဖြစ်ပြီး အာရက္ခပြည်သူ့အစိုရ စစ်ဆေးခဲ့တဲ့ ၁၂ တန်း အောင်မြင်ပြီးသူ (သို့မဟုတ်) စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးဌာန၊ ဆေးရုံတွေက ဖွင့်လှစ်ခဲ့တဲ့ အရံသားဖွား သူနာပြုအကူနဲ့ လူထုကျန်းမာရေးလုပ်သား သင်တန်းဆင်းဖြစ်ပါက အထက်တန်းပညာသင်ကြားဖူးသူတိုင်း လျှောက်ထားနိုင်ကြောင်း ဆိုပါတယ်။
သင်တန်းပြီးဆုံးပါက အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ သားဖွားဆရာမ အဖြစ် နေရာမရွေး ၅ နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။
အာရက္ခပြည်သူ့ ကျန်းမာရေးဌာနသည် လက်ရှိမှာ ကျန်းမာရေးဌာန ကြီးကြပ် (၂) ရာထူးအတွက် သင်တန်းတွေ ပေးလျက်ရှိပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး အဲဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ရခိုင်ပြည်ကို ပုံမှန်လည်ပတ်နိုင်ဖို့ ကြိုးစားနေပါတယ်။
■ ကျောက်ဖြူတိုက်ပွဲကြောင့် ကျေးရွာ ၃ ရွာက ဒေသခံတွေ အရေးပေါ်ပြောင်းရွှေ့
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ပြင်းထန်နေမှုကြောင့် ကျေးရွာ ၃ ရွာက ဒေသခံတွေမှာ အရေးပေါ်ပြောင်းရွှေ့ နေကြရပါတယ်။
မင်းပြင်၊ ကျောက်ပြောက်နဲ့ ရေနံတောင် ကျေးရွာတွေဖြစ်ပြီး ဒေသခံ ထောင်နဲ့ချီမှာ အကူအညီတွေ လိုအပ်နေပါတယ်။
လူမှုကူညီရေးအဖွဲ့တွေရဲ့ ၂၀၂၅ ခုနှစ် ဧပြီလ စာရင်းတွေရ ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင် ၄၀,၀၀၀ ကျော် ထိရှိလာနေကြောင်း သိရတယ်လို့ သိရပါတယ်။
အခုနောက်ပိုင်းမှာလည်း နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေမှုကြောင့် နေ့စဉ်နဲ့အမျှ ထွက်ပြေးတိမ်းရှောင်သူတွေရှိနေတာကြောင့် လူဦးရေထပ်တိုးလာနေလည်း ဖြစ်ပါတယ်။
လက်ရှိ တိုက်ပွဲတွေဟာ လိပ်ခမော်၊ ကုလာဘာ၊ မလကျွန်းကျေးရွာအနီးတဝိုက်မှာ ပြင်းထန်နေပြီး ကျောက်ဖြူမြို့နယ်အတွင်း AA သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီက အင်အားလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေလည်းရှိနေပါတယ်။
တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်ဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကစပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ပါတယ်။
ဒီနောက် ရဲတပ်ရင်း အမှတ် ၃၂ တည်ရှိရာ စစ်ကောင်စီရဲ့ ကာကင်းစခန်း ၁၀ ဝန်းကျင်လောက်ကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဩဂုတ်လဆန်းပိုင်းက စပြီး စစ်ကောင်စီဟာ ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော်ကို အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်နေပြီး တင့်ကားတွေနဲ့ ဒရုန်းအများအပြား အသုံးပြုတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။