တစ်ပတ်အတွင်း ထူးခြားချက် (ဇူလိုင် ၂၈ မှ ဩဂုတ် ၃ ရက်နေ့)

ရခိုင်အရေးနဲ့ ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်မှ ဩဂုတ်လ ၃ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

By Admin 05 Aug 2025

တစ်ပတ်အတွင်း ထူးခြားချက် (ဇူလိုင် ၂၈ မှ ဩဂုတ် ၃ ရက်နေ့)

ရခိုင်အရေးနဲ့ ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်မှ ဩဂုတ်လ ၃ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

စစ်ကောင်စီက ကျောက်ဖြူကို တင့်ကားနဲ့ စစ်သင်္ဘောတွေ ထပ်ပို့နေ

တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီက ကျောက်ဖြူမြို့ကို တင့်ကား ၄ စီးနဲ့ စစ်သင်္ဘော ၃ စီး ပို့ဆောင်ကာ စစ်အင်အား ထပ်မံဖြည့်တင်းလိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဇူလိုင်လ ၂၇ ရက်နောက်ပိုင်းက စတင်ပြီး တင့်ကား ၄ စီး ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာကာ စစ်သင်္ဘော သုံးစီးမှာလည်း အခုရက်ပိင်းအတွင်း ထပ်မံ ရောက်လာတာပါ။

လက်ရှိမှာ အဲဒီတင့်ကားတွေကို ဓညဝတီရေတပ်မှာ ထားပြီး သင်္ဘောတွေကတော့ သံဇစ်မြစ်နဲ့ ဘင်္ဂလားပင်လယ်ဝဘက်မှာ ရပ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် DMGရဲ့ စုံစမ်းချက်အရ ကျောက်ဖြူမှာ အခုနှစ် ဖေဖော်ဝါရီလကစလို့ သံဇစ်မြစ်နဲ့ ဘင်္ဂလားပင်လယ်ဝမှာ စစ်သင်္ဘော ၇ စီးလောက်ဟာ ပုံမှန်သွားလာ လှုပ်ရှားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ကျောက်ဖြူမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ဧရိယာအများစုကို AAက ထိန်းချုပ်ထားတဲ့အတွက် စစ်ကောင်စီက အဲဒီနေရာတွေကို ပြန်လည်ထိုးစစ်ပြုလုပ်ဖို့ အင်အားဖြည့်တင်းနေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

လက်ရှိ AAဟာ ကျောက်ဖြူမြို့နယ်က ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာတလျောက်ကို ထိန်းချုပ်ထားပြီး အမှတ် ၃၂ ရဲတပ်ရင်းအနီးကို ချည်းကပ်တိုက်ခိုက်နေပါတယ်။

ပြိန်းချောင်း ဓားပြတိုက်လူသတ်မှု တရားခံ မပေါ်သေး

ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာက အမျိုးသမီးတစ်ယောက်ကို ဓါးပြတိုက်သတ်ဖြတ်ခံရမှုမှာ ရက်ပေါင်း ၁၀ လောက် ကြာလာပြီဖြစ်ပေမယ့် တရားခံမပေါ်ပေါက်သေးဘူးလို့ မိသားစုဝင်ဆီက သိရပါတယ်။

လက်ရှိ အမှုမှာ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးနေဆဲဖြစ်တယ်လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်တဲ့ ဦးထွန်းလှိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့၊ ညအချိန်မှာ ပြိန်းချောင်းကျေးရွာက နေအိမ်တစ်ခုမှာ အမည်မသိသူတစ်စုက ဓါးပြတိုက်ပြီး ရွှေ ၃ ကျပ်သားနဲ့ ငွေကျပ်သုံးသိန်းအပါအဝင် ဖုန်းတစ်လုံးကို ယူဆောင်ကာ အိမ်ရှင်အမျိုးသမီး ဒေါ်ဝင်းနိုယဉ်ကိုပါ သတ်ဖြတ်သွားခဲ့ပါတယ်။

ဒေါ်ဝင်းနုယဉ်မှာ လည်ပင်းဓါးတ်ထိုးဒဏ်ရာ၊ ပြတ်ရှဒဏ်ရာနဲ့ ဘယ်ဘက်နို့အုံဓါးထိုးဒဏ်ရာတို့နဲ့ သေဆုံးသွားခဲ့တာပါ။

အဲဒီအမှုနဲ့ပတ်သက်လို့ အာရက္ခပြည်သူ့အစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က သံသယရှိသူ နှစ်ယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသတွေမှာ ခိုးမှု၊ လုယက်မှု၊ ဓါးပြတိုက်မှုနဲ့ လူသတ်မှုစတဲ့ ဒုစရိုက်မှုတွေ ခပ်စိပ်စိပ် ရှိလာနေပြီး တရားခံ ဖော်ထုတ်အရေးယူမှုအပိုင်းမှာ အားနည်းနေသေးတယ်လို့ ထောက်ပြမှုတွေရှိနေပါတယ်။

ပေါက်တောက မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှု အမြန်ဆုံး ထိရောက်စွာအရေးယူပေးဖို့ တောင်းဆို

ပေါက်တောမြို့နယ်မှ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်ဟာ အဓမ္မပြုကျင့်ခံရမှုနဲ့ပတ်သက်ပြီး အမြန်ဆုံးထိရောက်စွာ အရေးယူပေးဖို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက အာရက္ခပြည်သူ့အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဇူလိုင် ၂၈ ရက်က ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာက အသက် (၉) နှစ်အရွယ် Grade -4 ကျောင်းသူကို ဘုန်းကြီးတစ်ပါးက အဓမ္မပြုကျင့်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ရွာသားတွေက ပြောပါတယ်။

အဓမ္မပြုကျင့်သူမှာ စစ်တွေမြို့က စစ်ဘေးရှောင်နေသူ သက်တော် (၆၉) နှစ်အရွယ် စန္ဒိမာ (လူအမည်) စိန်လှထွန်းဖြစ်ပြီး ဘုန်းကြီး ကျောင်းဓမ္မာရုံအတွင်း အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကျူးလွန်သူကို အာရက္ခပြည်သူ့အစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS) က ဖမ်းဆီးထားပြီး နစ်နာသူမိသားစုဘက်က အရေးယူနိုင်ရေး အမှုဖွင့်ထားပါတယ်။

ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုကျူးလွန်တဲ့ဖြစ်စဉ်တွေ နောက်နောင် မကြား/မကြုံရစေဖို့ ပေါက်တောက ကလေးငယ် အဓမ္မပြုကျင့်ခံရမှုကို သာဓက ထားပြီး ပြစ်ဒဏ်လျော့ပေါ့တာမျိုးမရှိဘဲ တရားစီရင်သင့်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂက ထောက်ပြထားပါတယ်။

မင်းပြား မြေယာအငြင်းပွားမှုမှာ ဒေသခံ ၁၁ ဦးကို ၅၀၅ အပါ ပုဒ်မ ၄ ခုနဲ့ ULA/AA အမှုဖွင့်ထား

မင်းပြားမြို့နယ်က မြေယာအငြင်းပွားမှုကိစ္စနဲ့ပတ်သက်ပြီး အမျိုသမီး ၁၀ ယောက်နဲ့ အမျိုးသား တစ်ယောက်ကို ULA/AAက နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ ၄ ခုတို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အမှုဖွင့်ခံထားရသူတွေမှ, မင်းပြားမြို့နယ်၊ ညောင်ပင်းဝိုင်းကျေးရွာက ဒေါ်ဘုမေ၊ ဒေါ်စံကြွခိုင်၊ ဒေါ်အသိန်း၊ ဒေါ်စုချေ၊ ဒေါ်ချိုငြိမ်းအေး၊ ဒေါ်ဌေးဌေးဝင်း၊ ဦးလူဆန်း၊ ဒေါ်မခိုင်ရီနဲ့ သမီးဖြစ်သူတို့အပြင် ပန်းမြောင်းရွာမှ ဒေါ်သန်းသန်း၊ ကျွန်းတောရွာက ဒေါ်ဝါဝါနိုင်တို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ညောင်ပင်းဝိုင်းကျေးရွာမှာရှိတဲ့ လယ်ယာမြေ အငြင်းပွားမှုဖြစ်ပွားတဲ့ ဗွီဒီယိုဖိုင်တစ်ခု အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ ဒေါ်ဘုမေအပါအဝင် ၁၁ ယောက်ကို ULA/AAရဲ့ ဗီတာ ၂ စစ်ဒေသ၊ အမှတ် (၁) တိုက်နယ်မှူး ဦးအောင်မင်းဇံက ၅၀၅ (ခ) ပုဒ်မ ၁၈၆ ၊ ပုဒ်မ ၁၈၈ အပြင် နောက်ထပပုဒ်မတစ်ခုတို့နဲ့ အမှုဖွင့်ခဲ့တာပါ။

ဒေါ်ဘုမေအပါအဝင် ၁၁ ဦးတို့မှာ ULA/AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS) မှာ မေလ ၁၅ ရက်မှ ဇွန် ၂၃ ရက်ထိ ရက်ပေါင်း ၅၀ ခန့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးနောက် နယ်မြေတရားရုံးက အာမခံနဲ့ ပြန်လွတ်မြောက်လာခဲ့ပါတယ်။

ဒါမေပယ့် နယ်မြေတရားရုံးက အာမခံပေးမှုကို ဇူလိုင်လ ၂၈ ရက်နေ့မှာ မြို့နယ်တရားရုံးက ပယ်ချခဲတာကြောင့် လက်ရှိမှာ ဒေါ်ဘုမေအပါအဝင် ၁၁ ဦးမှာ ပြန်လည်ဖမ်းဆီးခံထားရပါတယ်။

လက်ရှိ အမှုအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုတာကြောင့် စွပ်စွဲခံထားရသူတွေက လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကို DMGက ဆက်သွယ်နေဆဲဖြစ်ကာ သူတို့ ၁၁ ဦကို အမှုဖွင့်ထားတဲ့ တိုက်နယ်မှူး ဦးအောင်မင်းဇံနဲ့ အဆက်အသွယ်ရရှိဖို့လည်း ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ရခိုင်က မျိုးနွယ်စုဝင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမြင့်မားဖို့ ဆောင်ရွက်လာနေ

ရခိုင်ပြည်မှာ မျိုးနွယ်စုဝင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ တိုးတက်မြင့်မားလာရေးအတွက် စွမ်းရည်မြှင့်တင်ရေး ဆိုင်ရာလုပ်ငန်းတွေကို အလေးထားဆောင်ရွက်လာနေကြပါတယ်။

ရခိုင်ပြည်တည်ဆောက်ရေးမှာ မျိုးနွယ်စုဝင် အမျိုးသမီးတွေအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားစတဲ့ ကဏ္ဍစုံမှာပါဝင်မှုအားကောင်းဖို့အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြောပါတယ်။

လက်ရှိမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ လူမျိုးစုရေးရာကော်မတီနဲ့ အမျိုးသမီးရေးရာကော်မတီတို့ပူးပေါင်းပြီး ခမီ၊ သက် အမျိုးသမီးတွေ အခွင့်အရေးဆိုင်ရာကဏ္ဍတွေ၊ စွမ်းရည်မြှင့်တင်ရေးကဏ္ဍတွေနဲ့ပတ်သက်လို့ အသိပညာပေးစကားဝိုင်းတွေ ပြုလုပ်နေပါတယ်။

ရခိုင်မှာ မျိုးနွယ်စုဝင်အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမှေးမှိန်နေဆဲဖြစ်ကာ အမျိုးသမီးတွေရဲ့ဘဝမြှင့်တင်ရေး အရည်အသွေး၊ အရည်အချင်းပိုင်းဆိုင်ရာတွေကို ပိုမိုမြှင့်ပေးဖို့လိုအပ်နေသေးတယ်လို့ အမျိုးသမီးတွေက ပြောကြပါတယ်။

လက်ရှိ ရခိုင်ပြည်တည်ဆောက်ရေးမှာ မျိုးနွယ်စုဝင် အမျိုးသမီးတွေပါဝင်မှုတွေရှိနေပေမယ့်လည်း အားနည်းနေသေးတယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ထောက်ပြထားပါတယ်။

မျိုးနွယ်စုဝင် အမျိုးသမီးတွေပါဝင်မှု အားကောင်းလာစေဖို့အတွက် စွမ်းရည်တွေမြှင့်တင်ကာ အခွင့်အရေးတွေလည်း ပိုပေးသင့်တယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ပြောဆိုထားကြပါတယ်။

ရခိုင်ပြည်နယ်မြေအများစုကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် ထိန်းချုပ်ဒေသတွေမှာအုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးစတဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်နေပါတယ်။

ရခိုင်ပြည်မှာ ရခိုင်အပါဝင် မြို၊ သက်၊ ခမီ၊ ဒိုင်းနက်(သက္ကမ)၊ မရာမာ၊ ကမန်၊ ချင်းနဲ့မွတ်ဆလင်စတဲ့ မတူကွဲပြားသူတွေ ရောယှက်နေထိုင်ကြပြီး AA က အားလုံးလက်တွဲခေါ်ဆောင်ကာ တည်ဆောက်ရေးကို ဆောင်ရွက်နေတာလည်း တွေ့နေရပါတယ်။

ရခိုင်မှာ ဆေးဝါးတစ်ကြိမ်ကုသဖို့ လမ်းစရိတ် အနည်းဆုံး ၆ သိန်းထိ ကုန်ကျမှု ရှိနေ

စစ်ကောင်စီရဲ့ ပိတ်ဆို့မှုဒဏ်ခံနေရတဲ့ ရခိုင်ပြည်မှာ ဆေးဝါးရှားပါးမှု၊ ဆေးရုံဆေးခန်း အားနည်းမှုတို့ကြောင့် ဒေသတွင်း ဆေးရုံဆေးခန်းရှိတဲ့ နေရာကို သွားရောက်ဆေးကုသမှု ခံယူဖို့ လမ်းစရိတ်ခ အနည်းဆုံး ငွေကျပ် ၆ သိန်းအထိ ကုန်ကျမှုရှိနေတာကြောင့် ဒေသခံတွေ အခက်ကြုံနေကြရပါတယ်။

လက်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကုသရေးပစ္စည်းတို့ စုံလင်စွာ ရှိပြီး တခြားမြို့နယ်တွေက ဒေသခံတွေမှာ အဲဒီဒေသကို သွားရောက် ဆေးကုသမှု ခံယူနေကြရပါတယ်။

အဲဒီမြို့နယ်တွေကိ သွားရောက်ဆေးကုသမှုခံယူရာမှာ လမ်းခရီးအခက်အခဲကြောင့် လမ်းစရိတ်ငွေကြေးကုန်ကျမှု များပြားပြီး အခက်အခဲတွေ ဖြစ်နေကြရတာပါ။

ကျောက်ဖြူ၊ ရမ်းဗြဲစတဲ့ ရခိုင်တောင်ပိုင်းက ဒေသခံတွေမှာ မြောက်ဦးကို ဆေးကုသမှုခံယူလာဖို့အတွက် လမ်းစရိတ်အဖြစ် လူတစ်ဦးကို အသွားအပြန် အနည်းဆုံး ငွေကျပ် ၆ သိန်းကနေ ၁၀ သိန်းကြား ကုန်ကျမှုရှိပါတယ်။

စစ်ကောင်စီထိန်းချုပ်ဆဲ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်နဲ့ ပြည်မဘက်ကိုသွားရောက် ဆေးကုသမယ်ဆိုရင်လည်း အလွယ်တကူ သွားလာလို့ မရတာဘဲ စစ်ကောင်စီရဲ့ စစ်ဆေးရေးတင်းကျပ်မှု၊ ခြိမ်းခြောက်မှု၊ ဖမ်းဆီးခံရမှုတွေရှိတာကြောင့် လုံခြုံရေး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဆေးကုသမှုခံယူဖို့လာကြတဲ့ လူနာအများအပြား စုံပြုံဖြစ်နေရင် ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီးမှ ဆေးကုသခွင့်ရရှိကြပြီး နေထိုင်စားသောက်ရေးအတွက်ပါ ထပ်မံ ကုန်ကျမှုတွေ ဖြစ်နေကြရပါတယ်။