- ပေါက်တော၊ မြေငူကျွန်းက စစ်ဘေးရှောင်များ ထမင်းရည်သောက်နေကြရ
- သက်ဆင်သည် မိမိကို ထိုင်းအစိုးရ လျှို့ဝှက်စာရွက်စာတမ်းများ ပေးခဲ့ဖူးကြောင်း ဟွန်ဆန်ထုတ်ပြော
- နောင်ချိုမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်
- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
ရခိုင်အရေးနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၃ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားသတင်းများကို တင်ဆက်ပေးလိုက်ပါသည်။
15 Jul 2025

ရခိုင်အရေးနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၃ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားသတင်းများကို တင်ဆက်ပေးလိုက်ပါသည်။
■ ရေနစ်မြုပ်မှုကြောင့် ရခိုင်မှာ လယ်ဧက ပျက်စီးမှုများခဲ့
ဇူလိုင်လဆန်းပိုင်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောစသည့်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး လယ်ဧက အများအပြား ပျက်စီးခဲ့ပါသည်။
ရခိုင်တောင်သူများမှာ ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်မှု၊ သွင်းအားစုစရိတ်ကြီးမြင့်မှုစသည့် အခက်အခဲများအကြားမှ မိုးစပါးထွန်ယက် စိုက်ပျိုးခဲ့ကြသည့်အထဲ ရေနစ်မြုပ်မှုပါ ကြုံလိုက်ရသဖြင့် နစ်နာမှုများဖြစ်ပေါ်နေကြသည်။
ရေနစ်မြုပ်မှုဒဏ်ကြောင့် ပျက်စီးသွားသော လယ်ယာများကို အပြည့်အဝ ပြန်လည်ထွန်ယက် စိုက်ပျိုးရန်အတွက် မျိုးစပါး၊ ငွေကြေး အခက်အခဲများရှိနေကြောင်း တောင်သူများက ပြောသည်။
ရခိုင်တွင် မိုးရာသီကာလရောက်တိုင်း ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့လာရပြီး နှစ်စဉ် လယ်ဧက သောင်းနှင့်ချီ ပျက်စီးဆုံးရှုံးနေရသည်။ ပြီးခဲ့သည့် နှစ်ကလည်း ရေနစ်မြုပ်မှုကြောင့် လယ်ဧက သုံးသောင်းကျော် ပျက်စီးသွားခဲ့ပါသည်။
■ တော်လှန်ရေးတပ် ၂၃ ခုထက်မနည်းကို AA က ထောက်ပံ့ထား
၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာသော လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှ အနည်းဆုံး တပ်ဖွဲ့ ၂၃ ခု ထက်မနည်းကို အာရက္ခတပ်တော် (AA) က ကူညီထောက်ပံ့ပေးထားသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP- Myanmar) ၏ ဇူလိုင်လ ၉ ရက်နေ့ထုတ် အစီရင်ခံစာက ဖော်ပြထားသည်။
ထိုအဖွဲ့များကို AA က လက်နက်၊ ရိက္ခာနှင့် စစ်သင်တန်းစသည့် အရင်းအမြစ်များကို တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အပြည့်အဝ ထောက်ပံ့နေကြောင်းလည်း အစီရင်ခံစာတွင်ပါရှိသည်။
တော်လှန်ရေးတပ်ဖွဲ့တွေထဲက ၈ ဖွဲ့မှာ AA ၏ စစ်ရေးကွပ်ကဲမှုစနစ်အတွင်း ပူးပေါင်းကာ စစ်ရေးဖော်ဆောင်နေပြီး ထိုထဲ၌ ပြည်မ(ဗမာ)တော်လှန်ရေး အင်အားစုအများအပြား ပါဝင်နေပါသည်။
လက်ရှိအချိန်တွင် AA သည် မြန်မာနိုင်ငံ အရှေ့မြောက်၊ အရှေ့တောင်နှင့် အနောက်ပိုင်း ဒေသကြီး သုံးခုစလုံးမှာ စစ်ရေးအဓိကပါဝင်နေပြီး ဗမာပြည်အညာဒေသအထိ တော်လှန်ရေး လှုပ်ရှားနိုင်စွမ်းရှိသည့် တစ်ခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်နေသည်။
လက်ရှိ AA သည် ရခိုင်ပြည်၏ ၉၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး တစ်ပြည်လုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေကြောင်း ISP - Myanmar ၏ အစီရင်ခံစာက ဖော်ပြထား သည်။
■ AA က ကျန်းမာရေးကြီးကြပ် (၂) သင်တန်း စတင်ဖွင့်လှစ်
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးလုပ်ငန်းများ အရှိန်မြင့်ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးကြီးကြပ် (၂) သင်တန်းကို စတင်ဖွင့်လှစ်နေပြီဖြစ် ကြောင်း ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်လာသည်။
ထိုသင်တန်းကို ပထမသုတ်အဖြစ် ဇူလိုင် ၁ ရက်က စတင်ဖွင့်လှစ်ထားပြီဖြစ်ပြီး သင်တန်းသား/ သူ ၁၀၀ လောက် တက်ရောက်လျက်ရှိသည်။
ကျန်းမာရေးကြီးကြပ် (၂) တွင် အခြေခံခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒနှင့် ဆေးဝါးဗေဒ၊ ပတ်ဝန်းကျင် ကျန်းမာရေး၊ အခြေခံရောဂါဖြစ်ပွားပြန့်နှံ့မှုကို လေ့လာသောဘာသာရပ်၊ ပြည်သူ့ကျန်းမာရေး၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ အခြေခံသားဖွားပညာ စသည့်ဘာသာရပ် ၆ ခုကို သင်တန်း ဆရာ/မ ၁၇ ဦးက သင်ကြားပေးသွားမည်ဖြစ်သည်။
သင်တန်းကာလ ၈ လကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးမြောက်ပါက ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) အလုပ်ခန့်အပ်ခြင်းကို ကျေးလက်ကျန်းမာရေးဌာန၏ ဝန်ထမ်းလိုအပ်ချက်အပေါ်မူတည်ပြီး ခန့်အပ်သွားမည်လည်းဖြစ်သည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၁) သင်တန်းကိုလည်း ထပ်မံ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ ဝန်ထမ်းတွေ ဆက်လက်လိုအပ်နေသေးတဲ့အတွက် ဘယ်လူမျိုးမဆို တာဝန်ထမ်းဆောင်လာကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖိတ်ခေါ်ထားပါတယ်။
■ ရခိုင်တွင် အခမဲ့ပညာသင်ကြားရေးစနစ်များ တိုးမြှင့်လာ
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော်ထိန်းချုပ်ရာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ အမ်း၊ မြေပုံစသည့်မြို့နယ်တို့တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင် ရေးအတွက် အခမဲ့ပညာသင်ကြားရေးစနစ်ကို တိုးမြှင့်လုပ်ဆောင်နေကြသည်။
စစ်ဘေးရှောင် ကလေးများ၊ ဆင်းရဲနွမ်းပါးသည့်ကလေးများ လူမျိုးဘာသာမရွေး ပညာသင်ကြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်အလိုက် လူမှုကူညီရေးအဖွဲ့များက ဆောင်ရွက်နေကြခြင်းဖြစ်သည်။
လက်ရှိ တန်းခိုးဆရာထွန်း ပညာရေးစင်တာက မြို့နယ် ၅ ခုမှာ ကျောင်းသား/သူ ၃,၀၀၀ ခန့်ကို ပညာသင်ကြားပေးနေသည်။
မြေပုံမြို့နယ်မှာလည်း လေးဝတီမျိုးသျှစ်အသင်းက ဦးဆောင်ပြီး အခမဲ့ပညာသင်ကြားရေးကျောင်း ဖွင့်လှစ်ထားကာ မူလတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသား/သူ ၄၀ ခန့် ပညာ သင်ကြားပေးနေသည်။
တိုက်ပွဲများကြောင့် ရခိုင်ပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာ၊ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်တို့ကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စာသင်ကျောင်းများကို ပိတ်ထားခဲ့ရသည်။
ယခုနှစ် ပညာရေးကဏ္ဍကို စနစ်တကျလည်ပတ်မည်ဟု အာရက္ခတပ်တော်ဘက်က ပြောဆိုထားပြီး တစ်ဘက်မှာလည်း လူမှုအဖွဲ့အစည်းများက ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိရေး ကြိုးပမ်းနေကြသည်။
■ ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
ရခိုင်-ဘင်္ဂလားဒေ့ရှ်ကြား ကုန်သွယ်မှုပြုလုပ်နေသော နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့က ကန့်သတ်ပိတ်ပင်မှုကြောင့် နှစ်ဖက်ကုန်သွယ်ရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့် နေကြောင်း ကုန်သည်များထံမှ သိရသည်။
ဇူလိုင်လဆန်းပိုင်းမှစ၍ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ကုန်သွယ်ရေးဂိတ်များတွင် လုံခြုံရေးတင်း ကျပ်ခြင်း၊ ရခိုင်ဘက်မှ တင်သွင်းသည့် ကုန်ပစ္စည်းများကို ဖမ်ဆီးထိန်းသိမ်းသလို ရခိုင်သို့ တင်ပို့မည့် ကုန်များကိုလည်း ပိတ်ပင်တာများပြုလုပ်နေ၍ ကုန်သွယ်ရေးအလုပ်မဖြစ်ဘဲ ရပ်တန့်နေခြင်းဖြစ်သည်။
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့ကြား ကုန်သွယ်မှုမှာ တရားဝင်မဟုတ်သော်လည်း ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ နှစ်ဖက်ကုန်သည်များကြား ကုန်သွယ်ရေးလုပ်ငန်းများကို စတင်နေကြခြင်းလည်း ဖြစ်သည်။
ကညင်ချောင်းကုန်သွယ်ရေးမှာ ဧပြီလကစကာ ရပ်တန့်နေပြီး တောင်ပြို၊ ဗန္ဓုလ(ဘောင်ဒူလာ)နှင့် အခြားနေရာများကနေ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည်။
လက်ရှိ တောင်ပြို၊ ဗန္ဓုလ(ဘောင်ဒူလာ) ကုန်သွယ်ရေးမှာလည်း ရပ်တန့်နေသဖြင့် ကုန်သွယ်ရေး လုပ်ငန်းများ ကျဆင်းနေကြောင်း ကုန်သည်များက ပြောကြသည်။
ရခိုင် - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်နေသည့် အကြောင်းအရင်းကို အတိအကျ မပြောနိုင်သော်လည်း ထိုသို့ ရပ်တန့်နေခြင်းမှာ AA နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့ကြား ဆက်ဆံရေး အပေါ်မူတည်နိုင်သည်ဟု နိုင်ငံရေးအကဲခတ်သူတို့က သုံးသပ်နေကြသည်။ တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို ကုန်သွယ်ရေးလမ်းများ ပိတ်ဆို့ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိနေသဖြင့် ရခိုင်ပြည်သူများအတွက် အသက်ရှူပေါက်ရနေခြင်းဖြစ်သည်။
■ စစ်ကောင်စီက ပစ်ခတ်မှုကြောင့် ပေါက်တောဒေသခံတစ်ဦး ဒဏ်ရာရ
ဇူလိုင် ၁၂ ရက်က စစ်တွေအခြေစိုက် စစ်ကောင်စီ၏ အမှတ် (၁၂) ရဲတပ်ရင်းက ပစ်ခတ်လိုက်သော လက်နက်ကြီးကျ၍ ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ) မြေငူကျွန်းရှိ မင်းတဲကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
အမှတ် (၁၂) ရဲတပ်ရင်းက မြေငူကျွန်းဘက်သို့ လက်နက်ကြီး သုံးကြိမ်ပစ်ခတ်ခဲ့ပြီး မင်းတဲ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ယခုကဲ့သို့ ဒေသခံတစ်ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
ပြီးခဲ့သည်ဘ ဇူလိုင် ၁၀ ရက်ကလည်း စစ်တွေမြို့၊ ကျားမသောက်ရှိ စအရ - ၉၀၈ တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာက အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်တွေမြို့နယ်မှာ စစ်ကောင်စီနှင့် AA တို့ကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီ၏ တပ်ရင်းများက လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် စစ်တွေနယ်စပ် ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများ ထိခိုက်သေဆုံးမှုရှိနေသည်။