တံဆိပ်တုံးကြိုတင်ရိုက်ထားမှုကြောင့် စစ်တွေမြို့နယ်မှ ကြိုတင်မဲ ၃၀၀ ကျော်ကို ပယ်ဖျက်၊ ကျေးရွာကော်မရှင် ဥက္ကဋ္ဌကို တာဝန်မှရပ်ဆိုင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာတွင် ကြိုတင်မဲပေးရာ၌ မဲမပေးရသေးသည့် မဲစာရွက်အချို့တွင် တံဆိပ်တုံးကြိုတင်ရိုက်ထားကြောင်း စစ်ဆေးတွေ့ရှိသောကြောင့် အဆိုပါကျေးရွာမှ ကြိုတင်မဲပေးခဲ့သူဦးရေ ၃၀၀ ကျော်၏ မဲများကို ပယ်ဖျက်လိုက်ပြီး၊ ယင်းကျေးရွာရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌကိုလည်း တာဝန်မှရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

By မင်းထွန်း 06 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာတွင် ကြိုတင်မဲပေးရာ၌ မဲမပေးရသေးသည့် မဲစာရွက်အချို့တွင် တံဆိပ်တုံးကြိုတင်ရိုက်ထားကြောင်း စစ်ဆေးတွေ့ရှိသောကြောင့် အဆိုပါကျေးရွာမှ ကြိုတင်မဲပေးခဲ့သူဦးရေ ၃၀၀ ကျော်၏ မဲများကို ပယ်ဖျက်လိုက်ပြီး၊ ယင်းကျေးရွာရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌကိုလည်း တာဝန်မှရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

အဆိုပါကျေးရွာတွင် နိုဝင်ဘာလ ၅ ရက်နေ့က ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်ကိုကိုလင်း၏ နေရာတွင် ကြိုတင်တံဆိပ်တုံးရိုက်ထားသည့် ကြိုတင်မဲစာရွတ် ၁၅ ခုကို တွေ့ရှိခဲ့သဖြင့် အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ကျေးရွာတစ်ခုလုံးရှိ ကြိုတင်မဲများအားလုံးကို ပယ်ဖျက်လိုက်ကာ ယင်းမဲဆန္ဒရှင်များကို ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ပြန်လည်မဲထည့်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယနေ့နိုဝင်ဘာလ ၆ ရက်နေ့တွင် စစ်တွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တွေ့ဆုံပြီးအဆိုပါ ကြိုတင်မဲများကိုပယ်ဖျက်ရန် သဘောတူခဲ့ကြကြောင်း စစ်တွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသာမောင်က ဆိုသည်။

“အဲဒီမဲတွေကို သံသယကြောင့် ပျက်ပြယ်မဲအနေနဲ့ ပယ်ဖျက်ထားမယ်။ သဘောက ပယ်မဲတော့မဟုတ်ဘူး၊ သံသယမဲအနေနဲ့ သတ်မှတ်ပြီးတော့ ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်ဆိုတာကိုလည်း မစီစစ်ဘဲ ချိတ်ပိတ်ပြီးတော့ သိမ်းထားလိုက်မယ်။ နောက်ကျန်တဲ့ မဲဆန္ဒရှင်တွေလည်း အခွင့်အရေးမဆုံးရှုံးရအောင်၊ ကိုယ်စားလှယ်တွေလည်း မနစ်နာရအောင် ဒီမဲဆန္ဒရှင်တွေကိုပဲ မဲ ပြန်ပြီးထည့်ခွင့်ပေးမယ်။ မဲဘူးတွေကိုလည်း အသစ်ထောင်ခိုင်းမယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ဆုံးဖြတ်ခဲ့ရခြင်းမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ် ၄၇ (ခ)အရ ဥပဒေနှင့်အညီ သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါအမြင့်ကျွန်းကျေးရွာမှ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကိုလည်း ရွေးကောက်ပွဲဆိုင်ရာ တာဝန်မှ ရပ်ဆိုင်းပေးသွားဖြစ်ကြောင်း ဦးစံသာမောင်က ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့သည့် ရခိုင်အမျိုးသားပါတီ(ANP)မှ စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးထွန်းထွန်းအောင်က “မြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေက ဆုံးဖြတ်တကာလည်း သမာသမတ်ကျတယ်။ မဟုတ်ရင် ၁၅ မဲကို ပယ်ပြီးတော့ ကျန်တဲ့မဲတွေကိုထားရင်လည်း ဝေဖန်သံတွေထွက်လာမယ့် အနေအထားရှိတယ်။ ဆိုတော့ အခုလိုလုပ်လိုက်တာက အားလုံးအတွက် သံသယရှင်းရှင်းလင်းလင်းဖြစ်သွားတယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ရပ်/ကျေးရွးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို နားမလည်ဘဲ ဘောင်ကျော်ပြီးလုပ်ဆောင်ခြင်းကို တွေ့ရှိရသည့်တွက် အဆိုပါရပ်ကျေးကော်မရှင်များကို ပြန်ပြီးတည့်မတ်ပေးရေးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တင်ပြထားကြောင်းဆိုသည်။

သံသယဖြစ်ဖွယ်ကြိုတင် ရိုက်ထားသော မဲတံဆိပ်တုံးတွေ့ရှိခဲ့သည့် အမြင့်ကျွန်းကျေးရွာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၇၀၀ ကျော်ရှိပြီး ယင်းအထဲတွင် ကြိုတင်မဲပေးထားသူ ၃၀၀ ကျော်ပါဝင်နေခြင်းဖြစ်သည်။

စစ်တွေမြို့နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ တစ်သိန်းခုနစ်ထောင်ကျာ်ရှိကြောင်း ယင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။