- အင်ဒိုနီးရှား၊ အမေရိကန်နှင့် မဟာမိတ်များ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်
- ဒုက္ခသည်ကွန်ဖရင့် တက်ရောက်လာသည့် မိုဟာမက်ယူနွတ်က နေရပ်ပြန်ရေး လမ်းညွှန်ချက် ၇ ရပ် အဆိုပြု
- MNDAA ဖမ်းဆီးရထားသည့် သေနတ် ၂၀၀ ကျော်ကို တရုတ်ထံ အပ်၊ ၄၀၀ ကျော်ကို ဖျက်ဆီး
- ယူကေတွင် ခိုလှုံခွင့် တောင်းခံသူများကို နေရာချထားသည့် ဟိုတယ်များရှေ့၌ ဆန္ဒပြမှုများ ဖြစ်ပွား
- ရခိုင်ဘက်မှ သေနတ်သံများကြောင့် နယ်စပ်တလျှောက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတင်းကျပ်
ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေး ကိစ္စများ တောင်းဆို
၈ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ကော့စ်ဘဇားရှိ ဒုက္ခသည် စခန်းများတွင် ပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံသို့ နေရပ်ပြန်ရေးကိစ္စများနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကာ ၎င်းတို့၏ လိုအပ်ချက်များကို ဖြေရှင်းပေးရန် နိုင်တကာအသိုင်းအဝန်းကိုပါ တောင်းဆိုခဲ့ကြောင်း သိရသည်။
25 Aug 2025

DMG ၊ ဩဂုတ် ၂၅
မောင်တောခရိုင်ကနေ အစုအပြုံလိုက် ထွက်ပြေးခဲ့ရသည့် မွတ်ဆလင် ဒုက္ခသည်အရေး နှစ်ပတ်လည်နေ့နှင့် နိုင်ငံတကာညီလာခံ အခမ်းအနားကို ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားဒေသတွင် တပြိုင်တည်း ကျင်းပနေကြောင်း သိရသည်။
၈ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ကော့စ်ဘဇားရှိ ဒုက္ခသည် စခန်းများတွင် ပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံသို့ နေရပ်ပြန်ရေးကိစ္စများနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကာ ၎င်းတို့၏ လိုအပ်ချက်များကို ဖြေရှင်းပေးရန် နိုင်တကာအသိုင်းအဝန်းကိုပါ တောင်းဆိုခဲ့ကြောင်း သိရသည်။
" မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးက မသေချာသေးလို့ ပြောရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နဲ့ လက်ရှိ နယ်မြေစိုးမိုးထားတဲ့ AA အပါဝင် နိုင်ငံတကာကြားခံ အဖွဲ့အစည်းတွေ အကျယ်အလည် ဆွေးနွေးရဦးမယ်လို့ မြင်ပါတယ်။ အခုက နယ်စပ်မှာ ARSA အပါဝင် မွတ်ဆလင် အကြမ်းဖက်အဖွဲ့တွေကလည်း ဒေသတည်ငြိမ်ရေးကို နှောင့်ယှက်မှုတွေ၊ တိုက်ပွဲတွေ ရှိနေတယ် " ဟု ရခိုင်နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။
အလားတူ ၈ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်စွာ မွတ်ဆလင်ဒုက္ခသည်များအရေးကို ဖြေရှင်းရန် ရည်ရွယ်သည့် နိုင်ငံတကာ ညီလာခံကိုလည်း ကော့စ်ဘဇားဒေသတွင် ဩဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ ဘင်္ဂလားဒေ့ရှ်အစိုးရက ကျင်းပနေခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးများနှင့် ကုလသမဂ္ဂ အေဂျင်စီများမှ ကိုယ်စားလှယ်များပါဝင်သော နိုင်ငံတကာ ညီလာခံတွင် မွတ်ဆလင်ဒုက္ခသည်များအတွက် ရံပုံငွေအကျပ်အတည်းနှင့် နေရပ်ပြန်ရေးကိစ္စများအပါ အဝင် မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုကိစ္စများ ဆွေးနွေးကြမည်ဖြစ်သည်။
နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်စွာ နိုင်ငံတကာ ညီလာခံကို ကျင်းပရခြင်းဖြင့် မွတ်ဆလင်ဒုက္ခသည်များအရေးကို နိုင်ငံတကာ အသိုင်းအဝန်းမှ ပိုအာရုံစိုက်မှု၊ ထိရောက်သော အကူအညီများ ရရှိမှု စသည့် အားသာချက်များ ဖြစ်စေကြောင်း မွတ်ဆလင် ဒုက္ခသည် အရေးတက်ကြွသူများက ပြောဆိုထားသည်။
အာရ်ကန် ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC )တွဲဖက် ဥက္ကဋ္ဌဖြစ်သူ ရိုနေဆန်းလွင်က " ဒါဟာ ရိုဟင်ဂျာတွေ သူတို့ရဲ့အသံကို ထုတ်ဖော်ခွင့်ရမယ့် ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်ပဲ " ဟု ညီလာခံအခမ်းအနားနှင့် ပတ်သက် ၍ ဩဂုတ် ၂၄ ရက်တွင် အယ်လ်ဂျာဇီးယား (Al Jazeera) သတင်းဌာနနှင့် ပြောထားသည်။
ယခု ညီလာခံသည် လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးအတွက် မွတ်ဆလင် ဒုက္ခသည်အရေးကို ပြင်ဆင်မှုဖြစ်ပြီး ညီလာခံ တက်ရောက်လာသည့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ ကိုယ်စားလှယ်များသည် လာမည့် ဩဂုတ် ၂၆ ရက်တွင် ဒုက္ခသည်စခန်းများသို့ သွားရောက် လေ့လာကြမည်ဟု သိရသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက မွတ်ဆလင် ဒုက္ခသည်များ နေရပ်ပြန်ရေးကို ဖိအားပေးနေသော်လည်း လက်ရှိတွင် ရခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့ စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများဖြင့် ရှုပ်ထွေးနေသည်။
စစ်ကောင်စီသည် ရခိုင်က မွတ်ဆလင်လူငယ်များကို စစ်သင်တန်းများပေး၍ အာရက္ခတပ်တော်ကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ပြီး အခြားတစ်ဘက်တွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA ကပါ စစ်ကောင်စီနှင့် ပူးပေါင်း၍ တိုက်ခိုက်မှုများရှိနေခြင်းဖြစ်သည်။
" ရခိုင်တွေ အာဏာရသွားရင် မင်းတို့အတွက် နေရာမရှိဘူး။ ဒါကြောင့် ငါတို့နဲ့ တွဲတိုက်ရမယ်ဆိုပြီး စစ်ကောင်စီဟာ မွတ်ဆလင်တွေကို စည်းရုံးပြီးတော့ရော၊ အတင်းအဓမ္မရော စစ်သင်တန်းပေးတယ်။ ပြီးရင် မွတ်ဆလင်လက်နက်ကိုင် (ARSA) ကိုလည်း ခဲယမ်းလက်နက်တွေပေးပြီး AA ကို တိုက်ခိုင်းထားတယ်။ ဒါတွေဟာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ကြီးမားတဲ့ အတားအဆီးဖြစ်စေတယ် " ဟု မောင်တောမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်ဒေသက မွတ်ဆလင်များသည် မြန်မာစစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရပြီး လက်ရှိကာလတွင်လည်း မွတ်ဆလင်အမြောက်အများမှာ အာရက္ခတပ်တော်၏ အကြမ်းဖက်မှုများကို ခံနေရကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက စွပ်စွဲထားသည်။
သို့သော်လည်း မွတ်ဆလင်များကို ဒုက္ခပေးခဲ့သော မြန်မာစစ်တပ်နှင့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA တို့၏ အခန်းကဏ္ဍကိုမူ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအပြင် နိုင်ငံတကာ အဖွဲ့အစည်းများက ဖုံးကွယ်ထားကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
" မွတ်ဆလင်ဒုက္ခသည်ကိစ္စကိုပြောရင် စစ်ကောင်စီက အဓိက တာဝန်ရှိခဲ့တယ်။ ဒါပေမဲ့ အခုဆို AA ကိုပါ ပြည်ပနေ မွတ်ဆလင်တွေက အပြစ်ပုံချတာကို မြင်ရတယ်။ တကယ်တမ်းဖြစ်ရမှာက ARSA အဖွဲ့ကို ချန်ထားခဲ့ကြတယ်။ ARSA က ဒီကိစ္စမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်ဖူးတော့ ဒီအုပ်စုကိုလည်း ဖိအားပေးပြီးမှ မွတ်ဆလင် အိမ်ပြန်ရေးက လမ်းစပေါ်မှာကို သတိထားရမယ် " ဟု အဆိုပါ မောင်တောဒေသခံက ထပ်ပြောသည်။
လက်ရှိ ဘင်္ဂလားဒေ့ရှ် မွတ်ဆလင် ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာ၏ ရန်ပုံငွေပြတ်လပ်မှုနှင့် စားနပ်ရိက္ခာ စိန်ခေါ်မှုအခက်အခဲများစွာ ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုတွင် မြန်မာစစ်တပ် ၏ အကြမ်းဖက်မှုများကြောင့် ရခိုင်ဒေသက မွတ်ဆလင်ဦး ရေခုနှစ်သိန်း ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရကြောင်း UNHCR က ထုတ်ပြန်ချက်များအရ သိရသည်။
ယခုအခါ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏ တိုက်ပွဲများကြောင့်လည်း ၂၀၂၄ တွင် ထပ်မံ ထွက်ပြေးခဲ့ရမှု အပါအဝင် လူဦးရေမွေးဖွားနှုန်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ့်က ဒုက္ခသည်စခန်းတွင် လက်ရှိ လူဦးရေး ၁ ဒသမ ၁ သန်း ကျော်ရှိကြောင်း ပြီးခဲ့သည့် ဩဂုတ် ၁၃ ရက်တွင် UNHCR ၏ ထုတ်ပြန်ချက်အရ သိရသည်။