- ရခိုင်က အွန်လိုင်းဈေးရောင်းချသူများ FDA ထောက်ခံချက် မရ၍ မှတ်ပုံတင်ရန် အခက်အခဲဖြစ်နေ
- ရခိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁,၄၀၀ ကျော်နှင့် သေဆုံးသူတစ်ဦးရှိလာ
- နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ တောင်းဆို
- ဒုက္ခသည်စခန်းများတွင် မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးမှုများ လိုအပ်နေ
- စစ်ဘေးရှောင် တက္ကသိုလ်ကျောင်းသားများ ပညာသင်ကြားရန် အခက်အခဲရှိနေ
ARSA ဖမ်းဆီးသွားသည့် မွတ်ဆလင်တစ်ဦးကို သေဆုံးလျက်တွေ့ရှိ
ဦးမာမတ်ရူရ်ကူရ်းကို ဖမ်ဆီးသွားသည့် ARSA အဖွဲ့ဝင်များမှာ ဘူးသီးတောင်မြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသော မူဟာမတ်ခါရ်လစ် ဦးဆောင်သောအဖွဲ့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
11 Sep 2023

DMG ၊ စက်တင်ဘာ ၁၁
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် မီးကျောင်းခေါင်းဆွဲကျေးရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးကို ARSA က ဖမ်းဆီးသွားပြီး နောက်တစ်နေ့တွင် သေဆုံးလျက်တွေ့ရှိရသည်ဟု ဒေသခံများက ပြောကြသည်။
သေဆုံးသူ အသက် ၆၀ ကျော်အရွယ် ဦးမာမတ်ရူရ်ကူရ်းမှာ ကျေးရွာ ရပ်မိ/ရပ်ဖတစ်ဦးဖြစ်သည်။ ၎င်းသည် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) ထံ သတင်းပေးနေသည်ဟုဆိုကာ - ARSA တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၉ ရက်နေ့ ည ၁၁ နာရီအချိန်တွင် နေအိမ်အတွင်းမှ ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ယင်းနောက် စက်တင်ဘာလ ၁၀ ရက်နေ့တွင် မောင်နှမတောင်အနီး သေဆုံးနေသော ဦးမာမတ်ရူရ်ကူရ်းကို တွေ့ရှိရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် မျက်မြင်အမျိုးသားတစ်ဦးက DMG ကို ပြောသည်။
“အသတ်ခံရတဲ့အလောင်းကတော့ မေယုမြစ်ကနေမျှောလာလို့ ကျနော်တို့လည်း တွေ့ရတာ။ အလောင်းက အနံ့ထွက်နေပြီ။ အခုတော့ အဲဒီအလောင်းကို (မီးကျောင်းခေါင်းဆွဲ) ရွာသားတွေက လာပြီး မြေမြုပ်လိုက်ကြပြီ” ဟု သူက ပြောသည်။
ဦးမာမတ်ရူရ်ကူရ်းကို ဖမ်ဆီးသွားသည့် ARSA အဖွဲ့ဝင်များမှာ ဘူးသီးတောင်မြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသော မူဟာမတ်ခါရ်လစ် ဦးဆောင်သောအဖွဲ့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ကလည်း မောင်တောမြောက်ပိုင်း လောင်းဒုံရွာနှင့် ကြိမ်ချောင်းရွာကြား ကားလမ်းပေါ်တွင် ARSA အဖွဲ့ဝင် ၂၀ ကျော်က အိမ်စီးကားတစ်စီးကို မီးရှို့ခဲ့ပြီး စံပယ်ကုန်းကျေးရွာမှ မွတ်ဆလင်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယခုရက်ပိုင်းအတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ရှိ ကျေးရွာများတလျှောက်တွင် ARSA အဖွဲ့ဝင်များက လက်နက်ကိုင်၍လည်းကောင်း၊ လက်နက်မပါဘဲလည်းကောင်း သွားလာလှုပ်ရှားမှုများပြားလာ၍ ဒေသခံများမှာ စိုးရိမ်မှုမြင့်တက်နေကြသည်။
“အာဆာအဖွဲ့တွေ လှုပ်ရှားမှုရှိနေတဲ့အတွက် လွတ်လွတ်လပ်လပ်သွားလို့ရမဘူး။ နေရင်းထိုင်ရင်းနဲ့ ကြောက်နေရတယ်၊ စိုးရိမ်နေရတယ်” ဟု မီးကျောင်းခေါင်းဆွဲကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
“မွတ်ဆလင်များလူမျိုးတုံးသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့်” အောက်မေ့ဖွယ်အခမ်းအနားကို ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင် ဒုက္ခသည်များက ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ကြပြီးနောက်ပိုင်းတွင် မောင်တောခရိုင်အတွင်း ARSA အဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုကို တွင်ကျယ်စွာ မြင်တွေ့လာရသည်ဟု ဒေသခံများက ပြောကြသည်။
စစ်ကောင်စီထိန်းချုပ်ရာနယ်မြေအတွင်း ARSA အဖွဲ့ဝင်များ သွားလာလှုပ်ရှားနေမှုကြောင့် ဒေသခံများကြား စိုးရိမ်စရာဖြစ်လာနေသဖြင့် ထိန်းချုပ်ပေးရန် လိုအပ်နေကြောင်း နိုင်ငံရေးသမားများက ပြောကြသည်။
မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသတွင် စစ်ကောင်စီ၊ AA အပါအဝင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များဖြစ်သော ARSA၊ RSO နှင့် ARSA ခွဲထွက်အဖွဲ့ငယ်များ လှုပ်ရှားနေကြပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၈ နှင့် ၁၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြား၊ အာကာပျံ၊ ကျောက်စာတိုင် ကျေးရွာအနီး မယူတောင်ကြောတွင် ARSA နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
#I011