- မြန်မာ စစ်ဘေးရှောင်များကို ထိုင်းအစိုးရက တရားဝင် အလုပ်ပေးမည်
- AA ထိန်းချုပ်ဒေသများတွင် အင်တာနက်ဝန်ဆောင်မှုများ ယာယီပိတ်
- စစ်ပွဲနှင့်အတူ တကျော့ပြန် ခေါင်းထောင်လာသည့် ရခိုင်ပြည်က ငှက်ဖျား
- မြောက်ဦးမြို့ ဗုံးကြဲခံရမှုတွင် ဒဏ်ရာရသူများအနက် နှစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ
- ငွေကြေးအဆင်မပြေ၍ စစ်ဘေးရှောင် အခမဲ့စာသင်ကျောင်းအချို့ ရပ်ထားရ
AA ထိန်းချုပ်ဒေသများတွင် အင်တာနက်ဝန်ဆောင်မှုများ ယာယီပိတ်
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်မြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် လုံခြုံရေးစိုးရိမ်မှုကြောင့် အင်တာနက်ဝန်ဆောင်မှုအား ULA/AA က ယနေ့မှ စ၍ ပိတ်ထားလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
27 Aug 2025

DMG ၊ ဩဂုတ် ၂၇
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်မြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် လုံခြုံရေးစိုးရိမ်မှုကြောင့် အင်တာနက်ဝန်ဆောင်မှုအား ULA/AA က ယနေ့မှ စ၍ ပိတ်ထားလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
" ဗုံးကြဲတာတွေက ဆက်တိုက်ဖြစ်လာတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ယာယီပိတ်တာလို့တော့ သိရတယ်။ ဘယ်နေ့ ပြန်ဖွင့်ပေးမလဲဆိုတာတော့ မသိရသေးဘူး။ လောလောဆယ်တော့ အသုံးပြုခွင့် မပေးတော့ဘူး " ဟု ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်အတွင်း အာရက္ခတပ်တော်ထိန်းချုပ်ရာ မြို့နယ်များဖြစ်သည့် မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်နှင့် မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်အပါအဝင် ၁၄ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီက ခပ်စိပ်စိပ်ပြုလုပ်လာသဖြင့် ULA/AA က ဖွင့်ပေးထားသည့် စတားလင့် အင်တာနက်ဝန်ဆောင်မှု ပေးသည့် နေရာများအား လုံခြုံရေးအရ ယာယီ ပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
" အင်တာနက် ပိတ်လိုက်တာလည်း တစ်ဖက်က ကြည့်ရင် လုံခြုံရေးကို ကန့်သတ်ပြီးသားလည်း ဖြစ်သွားမယ်လို့ မြင်တယ်။ တစ်နေရာထဲ လူစုလူဝေးဖြစ်တာကလည်း မြေပြင်အနေအထားအရ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတော့ ပိတ်ထားတာက ပြည်သူအတွက် လုံခြုံရေး ပိုအဆင်ပြေမယ် " ဟု မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် ရခိုင်ဒေသတွင် အာရက္ခတပ်တော်က မြို့နယ်အချို့တွင် Starlink အင်တာနက်များ ဖွင့်ခွင့်ပေးထားပြီး ပြည်သူ့ဝန်ဆောင်မှုအနေဖြင့် ဒေသခံများအား အချိန်အကန့်အသတ်ဖြင့် ခွင့်ပြုပေးထားခြင်းဖြစ်သည်။
အင်တာနက်သုံးစွဲခွင့် ရသည့် နေရာများတွင် တစ်နာရီလျှင် ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် သုံးစွဲနေကြခြင်းဖြစ်ပြီး လက်ရှိတွင် လေကြောင်းအန္တရာယ်ကြောင့် ယာယီရပ်တန့်လိုက်ခြင်းလည်း ဖြစ်သည်။
မြို့သိမ်းတိုက်ပွဲများ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက စ၍ ရခိုင်ပြည်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီက အာရက္ခတပ်တော် ထိန်းချုပ်ရာမြို့နယ်များကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်လာနေသဖြင့် ဒေသခံများအနေဖြင့် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး စိုးရိမ်မှုများဖြင့် ရင်ဆိုင်နေကြရသည်။