တိုက်ပွဲများကြောင့် ညောင်လေးပင်၊ ရွှေကျင်မှ စစ်ဘေးရှောင်ဒေသခံ ကလေးငယ် ၉၀၀၀ ကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေ

KNU တပ်မဟာ(၃) နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်၊ ရွှေကျင်မြို့ နယ်တို့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင် ဒေသခံကလေးငယ် ၉၀၀၀ ကျော်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြောင်း သိရသည်။

By Admin 24 Nov 2022

တိုက်ပွဲများကြောင့် ညောင်လေးပင်၊ ရွှေကျင်မှ စစ်ဘေးရှောင်ဒေသခံ ကလေးငယ် ၉၀၀၀ ကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေ

ယခုရက်ပိုင်းအတွင်း ညောင်လေးပင်ဒေသခံ များတိမ်းရှောင်နေရစဥ်။ {ဓာတ်ပုံ - ကေအန်ယူဗဟို- ကရင်ပညာရေးနှင့်ယဥ်ကျေးမှုဌာန(KECD)}

DMG | နိုဝင်ဘာ ၂၄

KNU တပ်မဟာ(၃) နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်၊ ရွှေကျင်မြို့ နယ်တို့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင် ဒေသခံ ကလေးငယ် ၉၀၀၀ ကျော်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လမှ ယခု နိုဝင်ဘာလအထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအပါဝင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၃၀၀၀၀ ကျော် တိမ်းရှောင်နေရသည်။

ယင်းအထဲတွင် ကလေးသူငယ် ဦးရေ ၉၀၀၀ ကျော်ပါဝင်ပြီး အများစုမှာ ကျောင်းသားကျောင်းသူ ပညာသင်အရွယ်များဖြစ်ကာ လက်ရှိတွင် ပညာဆက်လက်သင်ကြားရန် အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း ကရင်လူငယ်အဖွဲ့အစည်း (KYO) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ကေအန်ယူ တပ်မဟာ ၃ နယ်မြေထဲမှာ တိုက်ပွဲတွေ ခဏခဏဖြစ်တာနဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ဒေသခံ သုံးသောင်းဝန်းကျင်ထဲမှာ ပညာသင်ကြားနေဆဲ ကလေးအရေအတွက်က ကိုးထောင်ကျော် ရှိတယ်။ သူတို့က အခုလို ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ပညာမသင်ယူနိုင်ကြတော့ဘူး” ဟု (KYO) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ဘေးရှောင် ကလေးငယ်များကို ပညာသင်ကြားပေးနိုင်ရေးအတွက် နီးစပ်သည့် တောတောင်နှင့် ဘေးလွတ်ရာ ကျေးရွာများ၌ ယာယီ စာသင်ကျောင်းများ ဖွင့်လှစ်ရန် ကြိုးစားနေသော်လည်း စစ်ကောင်စီတပ်မှ မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အခက်အခဲများစွာ ကြုံနေရခြင်းလည်း ဖြစ်သည်။

“ စာသင်ပေးဖို့ အတွက် ယာယီကျောင်းတွေဖွင့်ဖို့ ကြိုးစားတာ အဆင်မပြေဘူးဖြစ်နေတယ်။ အကြောင်းအရင်းအနေနဲ့ စစ်တပ်တွေက တိမ်းရှောင်နေရသူတွေရှိတဲ့ ရွာတွေ တောတောင်ထဲကို အင်အားအများပြားနဲ့ စစ်ကြောင်းထိုးနေတာ။ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေပါလုပ်တော့ ထပ်ရှောင်ရတယ်။ ကလေးငယ်တွေနဲ့ ဆရာ၊ ဆရာမတွေအတွက်ပါ လုံးဝကို အဆင်မပြေဘူး ” ဟု စစ်ဘေးရှောင်များကို စာသင်ကြားပေးနေသူ ဆရာမတစ်ဦးက ဆိုသည်။

ထို့အပြင် ပညာသင်ကြားပေးရန် လိုအပ်သည့် စာရေးကိရိယာများနှင့် သင်ထောက်ကူ ပစ္စည်းများ သယ်ဆောင်ရန်အတွက် စစ်ကောင်စီတပ်၏ တင်းကြပ်စွာ စစ်ဆေးဖမ်းဆီးမှုများကြောင့် အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူများ ထံကသိရသည်။

“ စာအုပ်တွေ စာရေး ကိရိယာတွေ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတာ အများကြီး ဖြစ်နေတယ်။ လိုအပ်တာတွေ လှမ်းမှာရင် လမ်းမှာ စစ်တပ်ကတွေ့တာနဲ့ စစ်မေးပြီး သိမ်းသွားတယ်။ တချို့ဆို အဖမ်းပါ ခံရတယ်။ စာသင်ယူဖို့အတွက်ကိုပါ အခွင့်အရေး ပိတ်ပင်ခံထားရသလို ဖြစ်နေတယ်” ဟု ဒေသခံစစ်ဘေးရှောင်ကူညီလုပ်ဆောင်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ စစ်ဘေးရှောင် ကလေး သူငယ်များ ပညာသင် အခွင့်အရေး ဆုံးရှုံးနေရသည့် အပေါ် ပြည်တွင်း ပြည်ပမှ အကူအညီများ ပိုမိုပေးအပ်ကြရန် ကရင်လူငယ်အစည်းအရုံး (KYO) နှင့် ကေအန်ယူ ပညာရေးအဖွဲ့များ အပါအဝင် ကရင် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

ဗီဒီယိုများ