ဘူးသီးတောင်တွင် မြေမြှုပ်မိုင်းပေါက်ကွဲပြီး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ 

ကျေးရွာအနောက်ဖက် တစ်မိုင်ခန့်အကွာရှိ မေယုတောင်တန်းသို့ ထင်းခုတ်သွားစဉ် မိုင်းပေါက်ကွဲပြီး ထိမှန်သွားခဲ့ခြင်းဖြစ်သည်။

By Admin 26 Jan 2023

ဘူးသီးတောင်တွင် မြေမြှုပ်မိုင်းပေါက်ကွဲပြီး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ 

ဓာတ်ပုံ - ABN

DMG ၊ ဇန်နဝါရီ ၂၆

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်း(မွတ်ဆလင်)ကျေးရွာအနီးတွင် ယနေ့(ဇန်နဝါရီလ ၂၆ ရက်) နံနက် ၁၁ နာရီခန့်က မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကျေးရွာသား ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

သေဆုံးသွားသူမှာ အသက် ၁၀ အရွယ် မောင်မာမက်နုရ် (၁၀)နှစ်ဖြစ်ပြီး၊ ဒဏ်ရာရရှိသွားသူ ၃ ဦးမှာ ဂျာနီအာလာမ် (၁၄)နှစ်၊ အော်ဇီးအူလ္လာ(၁၂)နှစ်နှင့် ရော်ဘီအုလ်ဟာဆောင်း(၁၂)နှစ်တို့ဖြစ်ကြသည်။

၎င်းတို့မှာ ကျေးရွာအနောက်ဖက် တစ်မိုင်ခန့်အကွာရှိ မေယုတောင်တန်းသို့ ထင်းခုတ်သွားစဉ် မိုင်းပေါက်ကွဲပြီး ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း ဖိုးခေါင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မိရ်ဟူဆိန်းက DMG သို့ပြောသည်။

“သူတို့က အဲဒီတောင်ခြေကို ထင်းခုတ်ဖို့သွားတာ။ အဲဒီမှာ မိုင်းပေါက်ကွဲပြီးတော့ ၁ ယောက်က အဲဒီနေရာမှာပဲ သေသွားတယ်။ ဒဏ်ရာရထားတဲ့ ၃ ယောက် ရထားတယ်။ အဲဒီထဲက ၁ ယောက်က ဒဏ်ရာပြင်းတဲ့အတွက် မောင်တော ဆေးရုံးကို ပို့ထားပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ရွာမှာပဲ ဆေးကုနေတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် မောင်မာမက်နုရ်မှာ ဝမ်းနှင့် တခြားနေရာများတွင် ဒဏ်ရာရရှိကာ သေဆုံးသွားခြင်းဖြစ်ပြီး ကျန် ၃ ဦးတွင် ခြေ၊ လက်များ၌ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဖိုးခေါင်ချောင်းကျေးရွာသားများမှာ တောင်တန်းများကိုမှီခိုကာ အသက်မွေးဝမ်းကျောင်းပြုနေကြသူများဖြစ်သဖြင့် နောက်ထပ် မိုင်းအန္တရာယ်ကြုံတွေ့ရမည်ကို စိုးရိမ်နေကြကြောင်း ဦးဇော်မိရ်ဟူဆိန်းက ဆက်ပြောသည်။

“ကျနော်တို့မှာ တောတောင်မှီခိုပြီးတော့ လုပ်စားနေတာ။ တောင်တွေက ထင်းတွေခုတ်တယ်၊ ယာတွေ လုပ်စားနေတာ။ အခုလိုဖြစ်သွားတော့ ဒေသခံတွေလည်း နောက်ထပ်ဒီလိုဖြစ်မှာကို စိုးရိမ်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါတောင်တန်းတွင် ယခင်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စု၊ တောင်ရွာ (မွတ်ဆလင်)ကျေးရွာမှ အမျိုးသားတစ်ဦးမှာ မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားခဲ့သည်။

DMG ၏ မှတ်တမ်းနှင့် သုတေသနဌာနမှထုတ်ပြန်သည့် အစီရင်ခံစာအရ ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆၂ ဦးအထိရှိခဲ့ကြောင်း သိရသည်။

#R007

ဗီဒီယိုများ