မောင်တောမြောက်ပိုင်းတွင် ARSA နှင့် AA တို့ တိုက်ပွဲများ ကြိုကြားဖြစ်နေ

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် မွတ်ဆလင်လက်နက်ကိုင်တပ် (ARSA) အဖွဲ့နှင့် အာရက္ခတပ်တော် (AA) တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ကြိုကြားရှိလာနေကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 04 Jun 2025

ဘင်္ဂလားဒေ့ရှ် ရခိုင်နယ်စပ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် AA တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက တွေ့ရစဉ်။
ဘင်္ဂလားဒေ့ရှ် ရခိုင်နယ်စပ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် AA တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက တွေ့ရစဉ်။

DMG ၊ ဇွန် ၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် မွတ်ဆလင်လက်နက်ကိုင်တပ် (ARSA) အဖွဲ့နှင့် အာရက္ခတပ်တော် (AA) တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ကြိုကြားရှိလာနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန် ၂ ရက်၊ နံနက်ပိုင်းပိုင်းက ကြိမ်းချောင်း- တောင်ပြိုလက်ဝဲလမ်းပိုင်း လိပ်ရကျေးရွာအနီးတွင် ARSA တပ်စခန်းများကို AA က ရှင်းလင်းရေးလုပ်ဆောင်နေစဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင်း AA နှင့် နီးစပ်သူများထံမှ သိရသည်။

" ပြင်းပြင်းထန်ထန် မဟုတ်ပေမယ့် ထိတွေ့တိုက်ပွဲဖြစ်တာက ရှိတယ်။ AA က လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေရင်း ဖြစ်ကြတာ။ ထိပ်တိုက် တိုးတော့ ARSA ဘက်ကတော့ ထွက်ပြေးသွားလို့ တိုက်ပွဲက သိပ်တော့ မကြာဘူး " ဟု AA နှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော်သည် ဒေသတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် ARSA တပ်ဖွဲ့များ ခိုအောင်းနေသည့် နေရာသို့ အရောက်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ARSA စခန်းတစ်ခု သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ARSA တပ်ဖွဲ့သည့် မောင်တော-တောင်ပြိုလက်ဝဲ လမ်းပိုင်းတွင် အဓိက လှုပ်ရှားပြီး AA တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ခရီးသွားများကို မကြာခဏ ခြုံခိုတိုက်ခိုက်လေ့ရှိသဖြင့် ဒေသခံများ စိုးရိမ်နေရကြောင်း ပြောဆိုကြသည်။

ပြီးခဲ့သည့် မတ် ၂၉ ရက်က မောင်တောမြို့နယ်၊ မြဝတီကျေးရွာမှ ဒေသခံ ခမီလူမျိုး ၄ ဦးမှာ ARSA အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်။

" ကျနော်တို့ ဒေသမှာ ကားလမ်းတစ်လျှောက် ရွာတွေ အလှမ်းဝေးတယ်။ နောက်ပြီး တောတောင်တွေ ခြုံထူထပ်တယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ကနေ မွတ်ဆလင်လက်နက်ကိုင်တွေ ခိုဝင်လှုပ်ရှားရ လွယ်တယ်။ အခုဆိုရင် ဒေသခံတွေ တောထဲတောင်ထဲကို ထင်းရှာ၊ ဝါးခုတ်သွားရင်တောင် အုပ်စုလိုက်သွားနေရတယ်။ လုံခြုံရေး အရမ်းစိုးရိမ်ရတယ် " ဟု မင်းကြီးကျေးရွာသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ARSA ခေါင်းဆောင် အာတာအူလာနှင့် အပေါင်းအပါတို့ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဖမ်းဆီးထားသော်လည်း လက်ကျန် ARSA တပ်ဖွဲ့မှာ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို အခြေပြု၍ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။

ယင်းအပြင် ဒေသခံ မွတ်ဆလင်များကို စည်းရုံးမှုများအပြင် အတင်းအဓ္ဓမ ဖမ်းဆီးခေါ် ဆောင်မှုများလည်း လုပ်ဆောင်နေသည်။

ရခိုင်ပြည်လုံးကို သိမ်းပိုက်မည်ဖြစ်သောကြောင့် မွတ်ဆလင်များအနေဖြင့် လာရောက်ပူးပေါင်း၍ စစ်သင်တန်းတက်ရန် ပြီးခဲ့သည့် မေ ၂၆ ရက်က ARSA အဖွဲ့ခေါင်းဆောင်တစ်ဦးက မွတ်ဆလင် ဘာသာစကားဖြင့် ရုပ်သံဖိုင်တစ်ခု ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဘူးသီးတောင်နှင့် မောင်တောတိုက်ပွဲများတွင်လည်း ARSA သည် စစ်ကောင်စီနှင့် ပူးပေါင်းကာ နေအိမ်များ မီးရှို့ဖျက်စီးခြင်း၊ ဒေသခံများကို သတ်ဖြတ်ခြင်းများ လုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။