- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
ပေါက်တောက ကျေးရွာ ၅ ရွာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်က သဲခုံ၊ ဆင်တက်မော်၊ တောင်ဦးမော်၊ ကြိမ်ခွေမော်၊ တောင်းဖူးကျေးရွာများကို စစ်ကောင်စီက ယနေ့နံနက် ၁၀ နာရီကျောအချိန်တွင် Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
01 Jun 2024

DMG ၊ ဇွန် ၁
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်က သဲခုံ၊ ဆင်တက်မော်၊ တောင်ဦးမော်၊ ကြိမ်ခွေမော်၊ တောင်းဖူးကျေးရွာများကို စစ်ကောင်စီက ယနေ့နံနက် ၁၀ နာရီကျောအချိန်တွင် Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီပစ်ခတ်မှုမှာ ကြိမ်ခွေမော်ရွာ(ပိုက်ဆိပ်)သို့ ကျရောက်ပြီး ကိုမောင်ဝင်းချေ (၂၉ နှစ်)နှင့် ဦးကျော်သံသာ (၅၆ နှစ်)တို့ ဒဏ်ရာရရှိသွားခဲ့သည်။
ကြိမ်ခွေမော်ကျေးရွာသားတစ်ဦးက “ကျနော်တို့ရွာကို ၁၁ နာရီလောက်က ပစ်သွားတာ။ ပစ်တာကတော့ ၇ လုံး ပစ်သွားတာ။ ပိုက်ဆိပ်ကို ၁ လုံးကျတယ်။ ၂ ယောက်ဒဏ်ရာရသွားတယ်” ဟု ပြောသည်။
ကိုမောင်ဝင်းချေတွင် ဘယ်ဘက်လက်မောင်းနှင့် မေ့စေ့၊ ဦးကျော်သံသာတွင် ညာဘက်တံတောင်ဆစ်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ဆက်လက်ပြီး စစ်ကောင်စီသည် သဲခုံကျေးရွာ၊ ဆင်တက်မော်၊ တောင်ဦးမောင်နှင့် တောင်းဖူးကျေးရွာများကိုလည်း လေကြောင်းပစ်ခတ်ခဲ့ပြီး ရွာပြင်နေရာများတွင် ကျရောက်ခဲ့၍ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
သဲခုံကျေးရွာမှ အမျိုးသမီးတစ်ဦးက “ရွာသင်္ချိုင်းမှာ ၄ လုံးကျတယ်။ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ ဒီအတိုင်းလာပြီးတော့ ကြဲသွားတာ။ ရွာသားတွေကတော့ စိုးရိမ်ကြောက်လန့်နေကြတယ် ”ဟု ပြောသည်။
ပေါက်တောမြို့နယ်ကို ဇန်နဝါရီ ၁၉ ရက်တွင် အာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းပိုက်ခဲ့သည်။
AA သိမ်းပိုက်နယ်မြေများရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုများ အကြာခဏပြုလုပ်နေသည်။
နိုင်ငံရေးသမားတစ်ဦးက “အရပ်သားတွေကို တမင်ရည်ရွယ်ပြီးတော့ လာပစ်နေတာ။ လေယာဉ်သံကြားရင် ပြည်သူတွေက ကြောက်နေကြရတယ်။ အရပ်သားတွေကို ပစ်မှတ်ထားနေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက ထိရောက်စွာ အရေးယူသင့်တယ်” ဟု ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်(စံပြ)ကျေးရွာကိုလည်း စစ်ကောင်စီက ယနေ့နံနက် ၁၀ နာရီခန့်တွင် Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာသား ၂ ဦးသေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့သည်။
စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မေ ၁၃ ရက်ထိ ၆ လအတွင်း ရခိုင်နှင့် ပလက်ဝတွင် စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၂၆၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၄၀ ဦးရှိကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးမှ ထုတ်ပြန်ထားသည်။