- "စာနာမှုစင်္ကြံ" သည် လုပ်ကြံသတင်းသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ပြော
- တရုတ်ဖိအားနှင့် AA ၏ ကျောက်ဖြူတိုက်ပွဲ
- ရခိုင်တွင် အခြေခံစားကုန်များ နှစ်ဆကျော် ဈေးတက်၊ လက်လုပ်လက်စားများ အခက်တွေ့
- ထိုင်းနယ်စပ်တကြောကို တောက်လျှောက်သိမ်းလာသည့် KNU ၏ တကျော့ပြန်တိုက်ပွဲ
- တာဝါကုန်းစခန်း AA သိမ်းပြီးနောက် နတ်ရေကန်တိုက်ပွဲ ပြင်းထန်လာ
ကျောက်ဖြူတိုက်ပွဲတွင် ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ခရီးသည်တင်လေယာဉ်ဖြင့် ရန်ကုန်သို့ ပို့နေ
ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခလရ (၃၄) တပ်ရင်းနှင့် ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေရပြီး ဒဏ်ရာပြင်းထန်သူများကို အထူးကုသရန် ရန်ကုန်သို့ပိုရာတွင် ခရီးသည်တင် လေယာဉ်ကိုပါ အသုံးပြုနေရခြင်းဖြစ်သည်။
05 Jun 2025

DMG ၊ ဇွန် ၅
ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရရှိသူအများအပြားရှိနေပြီး ထိုအထဲမှ ဒဏ်ရာ ပြင်းထန်သူများကို စစ်လေယာဉ်အပါအဝင် ခရီးသည်တင်လေယာဉ်များနှင့်ပါ ရန်ကုန်သို့ ပို့ဆောင်နေရကြောင်း စုံစမ်းသိရှိရသည်။
ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခလရ (၃၄) တပ်ရင်းနှင့် ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေရပြီး ဒဏ်ရာပြင်းထန်သူများကို အထူးကုသရန် ရန်ကုန်သို့ပိုရာတွင် ခရီးသည်တင် လေယာဉ်ကိုပါ အသုံးပြုနေရခြင်းဖြစ်သည်။
"ကျောက်ဖြူဆေးရုံမှာ ကနဦး ခွဲစိတ်တယ်။ ပြီးတာနဲ့ ပတ်တီးစည်းပြီး ချက်ချင်း လေယာဉ်ပေါ် မှာ တင်ပြီးတော့ ခေါ်သွားတယ်။ လူနာများရင် စစ်တပ်ရဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့ လာတင်သလို ပုဂ္ဂလိက လေယာဉ်နဲ့လည်း ခေါ်သွားတာမျိုးရှိပါတယ်" ဟု ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောသည်။
ကုတင် ၂၀၀ ဆံ့ ကျောက်ဖြူဆေးရုံတွင် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဆေးကုနေပြီး ဆေးရုံပတ်ပတ်လည်၌ လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားကြောင်း မြေပြင်အခြေအနေသူများထံမှ သိရသည်။
ယင်းအထဲမှ ဒဏ်ရာပြင်းထန်သူများကို ပြီးခဲ့သည့် မေလ ဒုတိယပတ်မှစ၍ ခရီးသည်လေကြောင်းဖြင့် ပို့ဆောင်ပေးနေ၍ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူထားသည့် ခရီးသည်များမှာ နေရာမရ၍ ချန်လှပ်ခံနေကြရသည်။
"တခါတလေဆိုရင် ဒဏ်ရာရတဲ့လူ ၇ ယောက်လောက်ပါတယ်။ ဆိုတော့ အရပ်သားတွေအနေနဲ့ ဘယ်လောက်ပဲ ကြိုတင်ပြီး လက်မှတ်ဝယ်ထားပါစေ ထိုင်ခုံ မရတော့ဘူး။ အဲဒီ အရပ်သား ခရီးသည်ကို ချန်ခဲ့ရပြီး နောက်ခရီးစဉ်မှာ ပြန်အဆင်ပြေအောင် စီစဉ်ပေးရတာမျိုးပါ" ဟု ကျောက်ဖြူလေဆိပ်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
ရန်ကုန်သို့ ပို့ဆောင်သည့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားရှိသော်လည်း အတိအကျကို မသိနိုင်ပေ။
ကျောက်ဖြူတွင် အာရက္ခတပ်တော်၏ အရှိန်မြင့်ထိုးစစ်နှင့်အတူ စစ်ရေးအရ အသာစီးရနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်ကလည်း နှမ်းဖဲတောင်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ ၁၁ မှ ဗိုလ်မှူးချုပ် ကျော်မျိုးအောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားလည်း သေဆုံးခဲ့သည်။
လက်ရှိ ကျောက်ဖြူတိုက်ပွဲမှာ ဇွန်လ ၂ ရက်မှစ၍ ရပ်တန့်နေပြီး မလကျွန်းအနီး ပင်လယ်ပြင်တွင် လုံခြုံရေးယူထားသော စစ်သင်္ဘောများနှင့် ဓညဝတီရေတပ်ဌာနချုပ်တို့မှ တစ်ဘက်သတ် လက်နက်ကြီး ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။