- တိုက်ပွဲနီးကပ်လာနေသည့် ကျောက်ဖြူမြို့တွင် စစ်ကောင်စီက စပါးစိုက်ပျိုးခိုင်း
- ဖားကန့်တွင် စစ်ရှောင်နေရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သားအများအပြား အကူအညီလိုအပ်နေ
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- နောင်ချိုက ထိန်းချုပ်နယ်မြေအချို့ TNLA ထပ်မံ လက်လွှတ်နေရ
- အကျပ်အတည်းများကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မွတ်ဆလင်အချို့ ရခိုင်သို့ ဝင်ရောက်မှုရှိနေ
ဘင်္ဂလားဒေ့ရှ်တွင် တောင်တန်းနယ် ရခိုင်လူမျိုးများ စုပေါင်းပွဲကျင်းပ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသရှိ ရန်ကာမတီခရိုင် (သက်ထောင်)၊ ခါကာဆိုရီ (ဖလံထောင်)နှင့် ဘင်ဒရိုဘင်(ဗိုလ်မင်းထောင်) ခရိုင် ၃ ခုမှ ရခိုင်လူမျိုးများသည် အချင်းချင်းတွေ့ဆုံ နှီးနှောဖလှယ်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
04 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသရှိ ရန်ကာမတီခရိုင် (သက်ထောင်)၊ ခါကာဆိုရီ (ဖလံထောင်)နှင့် ဘင်ဒရိုဘင်(ဗိုလ်မင်းထောင်) ခရိုင် ၃ ခုမှ ရခိုင်လူမျိုးများသည် အချင်းချင်းတွေ့ဆုံ နှီးနှောဖလှယ်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၃ ရက်)က စစ်တကောင်းပြည်နယ်၊ ရင်ဂါမတီမြို့၊ ပန်းခြံတစ်ခုတွင် " တောင်တန်းနယ် ရခိုင်အမျိုးသားစုပေါင်းပွဲ " အမည်ဖြင့် ရခိုင်လူမျိုးများ ချစ်ခင်စည်းလုံးရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူများထံမှ သိရသည်။
" ခရိုင် ၃ ခုဟာ နယ်မြေဒေသအရ အရမ်းအလှမ်းဝေးတယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြဖို့ မလွယ်ကြဘူး။ ဒါကြောင့် အချင်းချင်းတွေ့လို့ရကြအောင် လုပ်တာ။ တွေ့ကြတဲ့အခါ ဘယ်လို အခက်အခဲတွေရှိကြလဲ မျှဝေကြတယ်။ ဆွေးနွေးကြတယ်။ ဒီအထဲက ညီညွတ်မှုတစ်စုံတစ်ရာ ရလာမယ်။ ဘယ်လိုပြဿနာပဲဖြစ်လာလာ အတူတူဖြေရှင်းသွားကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ " ဟု ပွဲဖြစ်မြောက်ရေး စီစဉ်သူ ကိုမောင်စိုးဝင်း (ခ) ကိုအိုဗီးက ပြောသည်။
ယင်းတွေ့ဆုံပွဲကို အမျိုးသား၊ အမျိုးသမီး လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့ကြပြီး အသိအမြင်ချင်း ဖလှယ်ခြင်း၊ အခက်အခဲများကို ဆွေးနွေးခြင်း၊ ထမင်းစုပေါင်းခြင်း၊ သီချင်းဖျော်ဖြေသီဆိုမှု၊ ဟောပြောပွဲအစီစဉ်များ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်များက အဆိုပါပွဲကို ရင်ဂါမတီမြို့မှ ရခိုင်လူမျိုးများဖြင့်သာ အကျဉ်းချုပ် ပြုလုပ်နိုင်ခဲ့ပြီး ယခုနှစ်တွင် ခရိုင် ၃ ခုမှ ရခိုင်လူမျိုးများတို့ကို ဖိတ်ခေါ်ကာ တိုးချဲ့ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" ပုံမှန်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် တစ်နှစ်ကြာသွားရင်လည်း မတွေ့ဖြစ်ကြဘူး။ အခုလိုလုပ်တော့ အကုန်လုံးကို တစ်စုတစ်စည်းတည်း တွေ့ရတယ် " ဟု ပွဲဖြစ်မြောက်ရေး စီစဉ်သူများထဲမှ နောက်ထပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းပွဲပြုလုပ်ခြင်းအားဖြင့် ဝေးကွာနေသည့် မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံခဲ့ရပြီး နှစ်စဉ်နှစ်တိုင်း ပွဲကျင်းပပြုလုပ်ရန် လိုလားကြောင်း ပွဲတက်ရောက်ခဲ့သူများက ပြောဆိုကြသည်။
" ငါတို့ ညီညွတ်ကြရမယ်ဆိုတာတွေကို ဆွေးနွေးကြတယ်။ ရခိုင်သမိုင်းကို သိကြရမယ်ဆိုတဲ့ ဟောပြောချက်တွေကိုလည်း ကြားခဲ့ရတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် တောင်တန်းနယ်မှာ ရှိနေကြတဲ့ ရခိုင်သားတွေရဲ့ စုစည်းညီညွတ်မှုကို အခုလို တွေ့ဆုံပွဲ လုပ်ရင်းနဲ့ ဖော်ဆောင်နိုင်ကြမယ်လို့ ယုံကြည်တယ်" ဟု ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်းရှိ စစ်တကောင်းပြည်နယ်တွင် ရခိုင်မျိုးနွယ်စုဝင်များဖြစ်သည့် မရမာ၊ သက်၊ ဒိုင်းနက်နှင့် ရခိုင်လူမျိုး သန်းနှင့်ချီ နေထိုင်လျက်ရှိကြောင်း သိရသည်။