စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသော စစ်ဘေးရှောင်များ ဘ၀ရပ်တည်ရေး ခက်ခဲနေ

နေရပ်ပြန်သွားသူများမှာ ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုမှ စစ်ဘေးရှောင် ၂၀၀ ခန့်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှ စစ်ဘေးရှောင် ၄၀၀ ကျော်တို့ဖြစ်ကြသည်

By Admin 26 Jan 2023

စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသော စစ်ဘေးရှောင်များ ဘ၀ရပ်တည်ရေး ခက်ခဲနေ

ဒီဇင်ဘာလ ၂၆ ရက်နေ့က နေရပ်ပြန်သည့် အဘောင်းသားကျေးရွာသားများအား တွေ့ရစဉ်။/ ဓာတ်ပုံ - ရခိုင်နေ့စဉ်

DMG ၊ ဇန်နဝါရီ ၂၆

လူသားချင်းစာနာထောက်ထားမှုကိုအခြေခံကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ယာယီ အပစ်ရပ်စဲခဲ့ပြီးနောက် စစ်ကောင်စီအစီအစဉ်ဖြင့် စစ်ဘေးရှောင်စခန်းမှ မိမိနေရပ်သို့ ပြန်သွားကြသည့် လူဦးရေ ၆၀၀ ကျော်မှာ စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

နေရပ်ပြန်သွားသူများမှာ ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုမှ စစ်ဘေးရှောင် ၂၀၀ ခန့်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှ စစ်ဘေးရှောင် ၄၀၀ ကျော်တို့ဖြစ်ကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့က အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု၊ နန်းရာကုန်း၊ ညောင်ချောင်း၊ ရွာမပြင် စသည့်ကျေးရွာများမှ စစ်ဘေးရှောင်ဦးရေ ၂၀၀ ခန့်ကို စစ်ကောင်စီက နေရပ်သို့ပြန်ပို့ခဲ့သည်။ 

ဒါးလက်ချောင်းအုပ်စု ရွာမပြင်ကျေးရွာမှ ဒေသခံတစ်ဦးက “ကျနော်တို့ကို ဒီဇင်ဘာ ၂ ရက်နေ့က နေရပ်ကို ပြန်ပို့ခဲ့တယ်။  မိုင်းတွေရှင်းပေးခဲ့တာ မရှိဘူး။ အဲတော့ ကျနော်တို့က ရွာအပြင်ကိုလည်း မသွားရဲကြဘူး။ အိမ်တွေကိုလည်း ပြုပြင်ပေးခဲ့တာ မရှိဘူး။ အခုတော့ဖြစ်သလိုပဲ ရှိတာလေးကိုရောင်းချပြီးတော့ စားသောက်နေရတယ်”ဟု ဆိုသည်။

၎င်းတို့မှာ အမ်းမြို့အားကစားကွင်း စစ်ဘေးရှောင်စခန်းနှင့်  ပဲပဒုံးစစ်ဘေးရှောင်စခန်းတို့တွင် ခိုလှုံခဲ့ကြသူများဖြစ်ပြီး စစ်ကောင်စီက တစ်အိမ်ထောင်စုကို ငွေကျပ် ၅ သိန်းနှင့် စားနပ်ရိက္ခာ တစ်လစာ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အချိန်တစ်လကျော် ကြာခဲ့ပြီဖြစ်သဖြင့် ၎င်းတို့ရရှိသည့် စားနပ်ရိက္ခာတို့မှာလည်း ကုန်သွားပြီဖြစ်ကာ ကျေးရွာအနီးအနားတွင် သစ်ခုတ်၊ ဝါးခုတ်ပြီး ရှာဖွေစားသောက်ရန်လည်း မိုင်းအန္တရာယ်ကို စိုးရိမ်နေရသဖြင့် ပိုပြီးခက်ခဲနေကြောင်း ပြောဆိုကြသည်။

“လယ်ယာမြေတွေ၊ ဥယျာဉ်တွေမှာလည်း မိုင်းအန္တရာယ် စိုးရိမ်ရတယ်။ သူ(စစ်ကောင်စီ)က မိုင်းရှင်းလင်းပေမဲ့ အမ်း-ဒါးလက်ကားလမ်း လက်ဝဲလက်ယာလောက်ပဲရှင်းတယ်။ ကျနော်တို့ လုပ်ကိုင်စားသောက်တဲ့ ဥယျာဉ်တွေမှာ ရှင်းလင်းတာမရှိဘူး”ဟု  ရွာမပြင်ကျေးရွာသားတစ်ဦးက ဆိုသည်။

ထို့အပြင် ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ စစ်ဘေးရှောင် ၄၀၀ ကျော်ကိုလည်း စစ်ကောင်စီက တစ်အိမ်ထောင်လျှင် ငွေ ၃ သိန်းကျော်နှင့် စားနပ်ရိက္ခာ တစ်လစာ ထောက်ပံ့ပေးမည်ဟုဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် နေရပ်ပို့ဆောင်ခဲ့သည်။

သို့သော်လည်း အဆိုပါထောက်ပံ့မှုများကို လက်ရှိအချိန်ထိ တစ်စုံတစ်ရာ မရရှိသေး၍ နေရပ်ပြန်သူများမှာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ပြောဆိုကြသည်။

“ကျနော်တို့ကို သူတို့(စစ်ကောင်စီ)က နေရပ်ပြန်မယ်ဆိုရင် တစ်အိမ်ထောင်ကို ငွေ ၃ သိန်းကျော်ပေးမယ်၊ စားနပ်ရိက္ခာတစ်လစာ ထောက်ပံ့မယ်ဆိုပြီးတော့ ပြန်ပို့တာ။ ဒါပေမဲ့ အခုအချိန်ထိ ဘာမှထောက်ပံ့တာ မရှိသေးဘူး။ ကိုယ့်မှာရှိတဲ့ငွေတွေနဲ့ ဖြစ်သလိုစားသောက်နေရတယ်။ ဆန်ဈေးတွေကလည်း တအားဈေးကြီးတော့ အဆင်မပြေဘူး။ တောတောင်တွေကို ငါးရှာ၊ဟင်းရှာသွားမယ်ဆိုရင် မိုင်းအန္တရာယ်ကို စိုးရိမ်ရတယ်”ဟု အဘောင်သားကျေးရွာသားတစ်ဦးက ပြောသည်။

အဘောင်သားကျေးရွာသားများမှာ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး လက်ရှိ တိုက်ပွဲများရပ်တန့်နေသည့်အတွက် မိမိနေရပ်သို့ ပြန်လာကြခြင်းဖြစ်သည်။

စစ်ကောင်စီက ပြန်ခိုင်း၍ နေရပ်ပြန်သွားကြသည့် ဒေသခံများအတွက် ဘဝရပ်တည်နိုင်ရေး၊ ပြန်လည်နေရာချထားရေး အစီအစဉ်များကို စစ်ကောင်စီက အပြည့်အဝတာဝန်ယူရမည်ဟု ဖေဝန်မှုများ ရှိနေသည်။

“သူတို့(စစ်ကောင်စီ)ကပေးတဲ့ ငွေပမာဏက အိမ်တွေကို ပြုပြင်ဖို့ မလုံလောက်ဘူး။ စစ်တပ်က စစ်ရေးလှုပ်ရှားခဲ့တဲ့ နေရာတွေမှာလည်း မိုင်းရှင်းလင်းတာတွေ မရှိဘူး။ ဒေသခံတွေက တောတောင်တွေကို အဓိကမှီခိုပြီးတော့ လုပ်နေရတာ။  မဖြစ်မနေ ပြန်ရမယ်ဆိုပြီးတော့ စစ်ကောင်စီက ပြန်ပို့တာဖြစ်တယ်။ ဒီလူတွေနဲ့ပတ်သက်ပြီး တာဝန်ယူ၊တာဝန်ခံမှုလည်း မရှိဘူး”ဟု အမ်းမြို့နယ်မှ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူ ကိုမျိုးလွင်ကဆိုသည်။

ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများထဲမှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ၉၀,၀၀၀ နီးပါးရှိနေသေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်ထားသည်။

#R007

ဗီဒီယိုများ