နေရပ်ပြန် စပါးရိတ်သိမ်းခွင့်ရရှိရေးအတွက် ကျောက်တော်စစ်ဘေးရှောင်များက မြို့နယ်ထွေ/အုပ်သို့ စာတင်ရန် စီစဉ်နေ

လက်နက်ကြီး အန္တရယ်များကို စိုးရိမ်၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောက်တော် စစ်ဘေးရှောင်တို့သည် မိမိကျေးရွာတွင် စိုးရိမ်စိတ်ကင်းစွာ စပါးရိတ်သိမ်းခွင့်ရရှိရေးအတွက် မြို့နယ်ထွေ/အုပ်ထံသို့ စာတင်ပြီး တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

By Admin 22 Nov 2022

နေရပ်ပြန် စပါးရိတ်သိမ်းခွင့်ရရှိရေးအတွက် ကျောက်တော်စစ်ဘေးရှောင်များက မြို့နယ်ထွေ/အုပ်သို့ စာတင်ရန် စီစဉ်နေ

DMG | နိုဝင်ဘာ ၂၂

လက်နက်ကြီး အန္တရယ်များကို စိုးရိမ်၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောက်တော် စစ်ဘေးရှောင်တို့သည် မိမိကျေးရွာတွင် စိုးရိမ်စိတ်ကင်းစွာ စပါးရိတ်သိမ်းခွင့်ရရှိရေးအတွက် မြို့နယ်ထွေ/အုပ်ထံသို့ စာတင်ပြီး တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ စတင်ပြတောင်းဆိုမည့် ကျေးရွာများမှာ နဂရာကျေးရွာ၊ ရုပ်သားကျေးရွာ၊ မြင်းကပ်၊ မော်ရွာ၊ လိပ်ကန်၊ ပီဝ စသည့်ကျေးရွာတို့ဖြစ်သည်။

အဆိုပါ ကျေးရွာသားများထဲမှ နဂရာ၊ ရုပ်သားရွာသားများမှာ လက်ရှိတွင် ကျောက်တော်မြို့ပေါ်နှင့် ညောင်ချောင်း စသည့်စစ်ဘေးရှောင်စခန်းတို့တွင် အသီးသီးတွင် ခိုလှုံနေကြသည်။

ယင်းကြောင့် မိမိနေရပ်တွင် ရင့်မှည့်ကျန်နေခဲ့သည့် စပါးများကို လုံခြုံစိတ်ချစွာ ရိတ်သိမ်းခွင့် ရရန်အတွက် မိမိတို့ကျေးရွာအုပ်စုအလိုက် လယ်သမားလက်မှတ်များစုကာ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ စာတင်သွားရန် စီစဉ်နေကြခြင်းဖြစ်သည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် နဂရာကျေးရွာမှ လယ်သမားတစ်ဦးက “ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှုးဆီကို လယ်သမားတွေစုပေါင်းစာတင်ပြီး စပါးတွေရိတ်လို့ရအောင် ခွင့်တောင်းဖို့လို့တော့ စီစဉ်နေကြတယ်။ လယ်သမားတွေ လက်မှတ်ထိုးလို့စုံရင် နောက်(၃)ရက်အတွင်း စာတင်သွားမှာပါ”ဟု သူကပြောသည်။

အဆိုပါ ကျေးရွာအနီးနားသို့ ကျောက်တော်မြို့နယ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉)မှလည်း နေ့စဉ်ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ကျောက်တော်မြို့နယ် နဂါရာကျေးရွာမှ လယ်သမားများပိုင်ဆိုင်သည့် လယ်ဧက ၅၀၀ ကျော်မှာလည်း မရိတ်သိမ်းရဘဲ ကျန်နေခဲ့ရသည်။

လက်ရှိတွင် ကျေးရွာသားများမှာ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးတိမ်းရှောင်နေရပြီး မိမိကျေးရွာရှိ စပါးခင်းများကို ရိတ်သိမ်းခွင့်ကာလများ သတ်မှတ်ပေးရန် လိုလားနေကြခြင်းလည်းဖြစ်သည်။

ရုပ်သားကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးမောင်ကျော်ထွန်းမှာလည်း နဂါရာကျေးရွာအုပ်စုထဲတွင် ပါရှိသည့် လယ်သမားလက်မှတ်များ အားလုံးစုပေါင်းကာ လာမည့်ရက်ပိုင်းအတွင်း စပါးရိတ်သိမ်းခွင့် ရရှိရေးအတွက် စာတင်ရန် စီစဉ်နေကြသည်ဟု ပြောသည်။

“စပါးတွေကို နိုင်ငံတော်အစိုးရဆီက သော်လည်းကောင်း၊ တခြားဘယ်နေရာကပဲဖြစ်ဖြစ် တစ်လဆို တစ်လ ခွင်ပြုပေးပါဆိုပြီး စာတင်မည့်ပုံစံပါ။ ကျွန်တော်တို့ နေခဲ့တဲ့ ရွာနားမှာက နေ့တိုင်း လက်နက်ကြီးတွေ ပစ်နေလို့ လယ်သမားတွေက စပါး ထွက်မရိတ်ရဲကြဘူး”ဟုပြောသည်။

လက်ရှိ စိုက်ပျိုးထားသည့် စပါးများကိုမရိတ်သိမ်းနိုင်လျှင် လာမည့်နှစ်တွင် လယ်သမားများ စပါးစိုက်ပျိုးရန်အတွက် များစွာသောအခက်အခဲများ ကြုံလာမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“ထမင်းငတ်ပြီး သေသွားပါလိမ့်မယ်။ ကျွန်တော်တို့ လယ်သမားတွေမှာက တစ်နှစ်မှာမှ ၁၅ သိန်း ကျော် လောက်ဖို့ပဲ လုပ်စားကြတာပါ။ အရင်ဆိုရင် စပါး တင်း၁၀၀ ကိုမှ ၂ သိန်း၂ သောင်းလောက်ကိုရတယ်။ ပိုလျှံတဲ့ စပါးတွေကရမှ ငွေ သိန်းနှစ်ဆယ်လောက်ဖြစ်တာပါ။ ဒီနှစ်သာ မရိတ်သိမ်းလိုက်ရရင် ကျွန်တော်တို့ လယ်သမားတွေအနေနဲ့ ငတ်မွတ်ခေါင်းပါးသွားမှာပေါ့"ဟု ဦးမောင်ကျော်ထွန်းက ပြောသည်။

အလားတူ ပုဏ္ဏာကျွန်းမြို့နယ် ဆင်အင်းကြီး၊ ပဒေသာ၊ ဒီပါရုံ၊ ယာချောင်း၊ ချောင်းဝ၊ ငှက်ကြီးကျွန်း၊ ကျွဲထိုး၊ ကျော်ဇံရွာ စသည့် ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများမှာလည်း လတ်တလောတွင် စစ်ဘေးရှောင်ရှောင်နေရသဖြင့် ၎င်းတို့၏ စပါးခင်းများကို မရိတ်သိမ်းနိုင်ဖြစ်နေကြကြောင်း သိရသည်။

ဆင်အင်းကြီးကျေးရွာမှ လယ်သမားကြီး ဦးထွန်းတင်က “လောလောဆယ်မှာ စပါးရိတ်ဖို့အတွက် လူလည်းငှားမရဘူး။ နောက်ပြီး စက်တွေလည်း ငှားလို့မရဘူး။ လက်ရှိအခြေအနေတွေကြောင့် မလာရဲဘူး။ အဲလိုကြုံနေရပါတယ်"ဟု သူကပြောသည်။

ထို့အတူ တခြား မင်းပြား၊ ဘူးသီးတောင်စသည့် မြို့နယ်တို့တွင်လည်း လတ်တလောဖြစ်ပွားနေသည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် လယ်သမားများမှာ စပါးရိတ်သိမ်းရန် အခက်အခဲများကြုံနေရကြောင်း သိရသည်။

ဗီဒီယိုများ