ရခိုင်တွင် ရာသီဥတုပူပြင်းမှုဒဏ်ကို လျော့ချနိုင်ရန် ကိုယ်ထူကိုယ်ထ သစ်ပင်စိုက်ပျိုးမှုများ တိုးချဲ့လုပ်ဆောင်လာ

သစ်တော၊ ဒီရေတောများ ပြုန်းတီးလာမှု၏ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကို လျော့ချနိုင်ရန်အတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် သစ်ပင်စိုက်ပျိုးမှုများကို ရခိုင်ပြည်တွင် လုပ်ဆောင်နေကြသည်။

By Admin 10 May 2023

အမ်းမြို့နယ်၊ သပြုချိုင်ကျွန်းတွင် စိုက်ပျိုးရန်ပြင်ထားသည့် ပျိုးပင်များကိုတွေ့ရစည်။ (ဓာတ်ပုံ - ကိုမျိုးလွင်)
အမ်းမြို့နယ်၊ သပြုချိုင်ကျွန်းတွင် စိုက်ပျိုးရန်ပြင်ထားသည့် ပျိုးပင်များကိုတွေ့ရစည်။ (ဓာတ်ပုံ - ကိုမျိုးလွင်)

DMG ၊ မေ ၁၀

ရခိုင်ပြည်တွင် သစ်တော၊ ဒီရေတောများ ပြုန်းတီးလာမှု၏ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကို လျော့ချနိုင်ရန်အတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် သစ်ပင်စိုက်ပျိုးမှုများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများက လုပ်ဆောင်နေကြသည်။

ဂွ၊ သံတွဲ၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တို့တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် သစ်ပင်စိုက်ပျိုးမှုများကို လုပ်ဆောင်နေပြီး ယခုနောက်ပိုင်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့တွင်လည်း တိုးချဲ့စိုက်ပျိုးလာနေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ဂွမြို့နယ်တွင် ပြီးခဲ့သည့်နှစ်က သစ်ပင်အရေအတွက် ၄၀,၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ပြီး ယခုနှစ် မိုးရာသီ ကာလတွင်လည်း သစ်ပင် ၅၀,၀၀၀ ကို စိုက်ပျိုးရန်ပြင်ဆင်ထားကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်နေသူ ဒေါက်တာ ခင်မောင်ကြည်က ပြောသည်။

“ဂွမြို့နယ် အနေနဲ့ဆိုရင်တော့ ကျေးရွာတိုင်းလိုလိုမှာ ကျေးရွာပိုင် သစ်တောစိုက်ခင်းတွေ ထူထောင်ပြီးတော့ အစုအဖွဲ့ပိုင် သစ်တောတွေအဖြစ် ထိန်းသိမ်း၊စိုက်ပျိုးမှုတွေ လုပ်နေပါတယ်”ဟု ဒေါက်တာ ခင်မောင်ကြည်က ပြောသည်။

ရာသီဥတုပူပြင်းမှုဒဏ်နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်နိုင်ရန် ကုက္ကိုပင်၊ ငုပင်၊ မရမ်းပင်၊ ပိန္နဲပင် စသည့် နှစ်ရှည်ပင်များကို တောင်ပေါ်၊ မြေပြန့်တို့တွင် စိုက်ပျိုးထားပြီး ဒီရေရောက်သစ်ပင်များကိုပါ စိုက်ပျိုးထားကြောင်း သိရသည်။

လက်ရှိ ဂွမြို့နယ်အတွင်း တောင်ပေါ်၊ မြေပြန့်တွင် သစ်တော ဧက ၃၀,၀၀၀ ခန့်နှင့် ဒီရေတော ဧက ၇,၀၀၀ ခန့်ကို ထိန်းသိမ်းထားနိုင်ပြီဖြစ်ကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူထံမှ သိရသည်။

အမ်းမြို့နယ်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ဒီရေတောများနှင့်ဆက်စပ်သည့် ဧရိယာအတွင်းက သစ်တောဧက ၃၀,၀၀၀ ခန့်ကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ထိုဧရိယာထဲတွင် နှစ်ရှည်သစ်ပင် ၄ သိန်းကျော် စိုက်ပျိုးထားကြောင်း သိရသည်။

“အမ်းမြို့နယ် သပြုချိုင်ကျွန်းမှာ ဧက ၂၀၀ ကို အများပိုင်သစ်တောအဖြစ်နဲ့ ကျနော်တို့ ဆောင်ရွက်နေတာ ရှိပါတယ်။ အဲဒီနေရာမှာ လာမယ့်မိုးရာသီအတွင်း နှစ်ရှည်သစ်ပင် ၈၀၀၀ ကျော်ကို ကိုယ်ထူကိုယ်ထ စိုက်ပျိုးပြီးတော့ ထိန်းသိမ်းမှုတွေလုပ်သွားမှာပါ”ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူ အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံများအနေဖြင့် ပူးပေါင်းပါဝင်များ ရှိလာသော်လည်း အခြားတစ်ဖက်တွင် တရားမဝင် သစ်ခိုးထုတ်ယူမှုများ ရှိနေသည့်အတွက် သစ်တောများ တဖြည်းဖြည်းပြုန်းတီးလာနေသည်။

ရခိုင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီးဦးစီဌာ၏ စာရင်းအရ ရခိုင်တွင် ယခင်နှစ်များက သစ်တော ၆၀ ရာခိုင်နှုန်းအထက်ရှိရာမှ လက်ရှိတွင် သစ်တော ၂၀ ရာခိုင်နှုန်းသာကျန်ရှိကြောင်း သိရသည်။

သစ်တော၊ ဒီရေတောပြုန်းတီးလာမှု၏ အကျိုးဆက်အဖြစ် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ ရေသယံဇာတ ရှားပါးမှုများ ဖြစ်ပေါ်လာနိုင်ပြီး ယခုတွင်ပင် ထိုအကျိုးဆက်များကို ကြုံတွေ့နေရသည့်အတွက် အရေးတကြီးထိန်းသိမ်းရန်လိုအပ်ကြောင်း ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ တိုက်တွန်းထားသည်။

“တောတောင်တွေ မရှိတဲ့အခါ အောက်ဆီဂျင်ကို ထုတ်ပေးတာတွေကို မလုပ်နိုင်တော့ဘူး။ မြေအောက်ရေကိုလည်း မထိန်းနိုင်တော့ဘူ။ ဥတုရာသီ ဖောက်ပြန်လာတယ်”ဟု ရခိုင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးသန်းမြင့်က ပြောသည်။

ရခိုင်ပြည်တွင် ယခင်က နွေရာသီပျမ်းမျှအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ် ရှိခဲ့သော်လည်း ယခုနှစ်တွင် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သစ်တောထိန်းသိမ်းရေးနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်နေသည်ကို သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားမှူး ဦးအေးမင်းလှိုင်ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က သစ်တောဖုံးလွှမ်းမှု ဧရိယာ ၅၆ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ကောက်ယူခဲ့သော စစ်တမ်းများအရ သစ်တောဖုံးလွှမ်းမှုဧရိယာမှာ ၄၈ ဒသမ ၁၁ ရာခိုင်နှုန်းသာရှိတော့ကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန မှတ်တမ်းများတွင် တွေ့ရသည်။

#I008

ဗီဒီယိုများ