မောင်တောတွင် မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦး သေဆုံး
သေဆုံးသွားသူမှာ အသက်(၄၅)နှစ်အရွယ် ဒေါ်မဆာထိုးဖြစ်ပြီး ၎င်းမှာ ခင်ပွန်းဖြစ်သူနှင့်အတူ ကျေးရွာ၏အရှေ့ဖက် ၂ မိုင်ကျော်အကွာရှိ လယ်ကွင်းသို့သွားစဉ် မိုင်းနင်းမိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ဂြိတ်ချောင်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက DMG သို့ပြောသည်။
12 Nov 2022

မိုင်းနင်းမိ၍ သေဆုံးသွားသည့် ဒေါ်မဆာထိုး၏ ရုပ်အလောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
DMG ၊ နိုဝင်ဘာ ၁၂
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံအုပ်စု၊ ဂြိတ်ချောင်း(မြို)ရွာမှ အမျိုးသမီးတစ်ဦးမှာ ယမန်နေ့(နိုဝင်ဘာလ ၁၁ ရက်)ညနေ ၄ နာရီခန့်က မိုင်းနင်းမိ၍ သေဆုံးသွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။
သေဆုံးသွားသူမှာ အသက်(၄၅)နှစ်အရွယ် ဒေါ်မဆာထိုးဖြစ်ပြီး ၎င်းမှာ ခင်ပွန်းဖြစ်သူနှင့်အတူ ကျေးရွာ၏အရှေ့ဖက် ၂ မိုင်ကျော်အကွာရှိ လယ်ကွင်းသို့သွားစဉ် မိုင်းနင်းမိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ဂြိတ်ချောင်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက DMG သို့ပြောသည်။
“သူတို့လင်မယားနှစ်ယောက်က ရွာကနေ လယ်ကွင်းသို့သွားကြတာ။ လယ်ကွင်းကိုရောက်တော့ ယောကျ်ားဖြစ်သူက လယ်ထဲမှာကျန်ခဲ့တယ်။ သူမက တဲကိုသွားတာ။ အဲဒီမှာ တဲကိုမရောက်မီ မိုင်းနင်းပြီးတော့ ပေါက်ကွဲသွား။ ဘယ်ဖက်ခြေထောက် ပြတ်တောက်သွားပြီးတော့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာတွေပ ြင်းထန်တဲ့အတွက် ဆုံးသွားတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် သေဆုံးသွားသည့် ဒေါ်မဆာထိုး၏ ရုပ်အလောင်းကို ဂြိတ်ချောင်းကျေးရွာသုဿန်တွင် သဂြိုလ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။ သို့သော် မိုင်းပေါက်ကွဲမှုဖြစ်ပွားခြင်းမှာ ယခုအခါ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ရွာနားမှာ အခုလိုမိုင်းပေါက်ကွဲတာ တစ်ခါမှာလည်း မရှိဘူး။ အခုက မိုင်းပေါက်ကွဲပြီးတော့ သေဆုံးသူတွေရှိလာတဲ့အတွက် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုရှိလာတယ်။ ရွာသားတွေက အကုန်လုံး တောင်ယာ၊ လယ်လုပ်၊ ငါးရှာပြီးတော့ အသက်မွေးကျောင်းပြုနေရတာ”ဟု ကျေးရွာသားတစ်ဦးကပြောသည်။
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဩဂုတ်လမှ အောက်တိုဘာလအထိ သုံးလတာကာလအတွင်း လက်နက်ကြီးကျရောက်မှု၊ မိုင်းထိမှန်မှုတို့ကြောင့် အမျိုးသမီးနှင့် ကလေးစုစုပေါင်း ၅၂ ဦးအထိ သေဆုံးဒဏ်ရာ ရရှိခဲ့သည်။