မင်းပြားတွင် နွေရာသီ ရေရှားပါးပြဿနာ နှစ်စဉ်ကြုံတွေ့ရသဖြင့် ဆည်အားလုံးမှ ရေကိုပေးဝေရန် ဒေသခံများတောင်းဆို

ရခိုင်ပြည်၊ မင်းပြားမြို့မှာ နွေရာသီရောက်တိုင်း နှစ်စဉ်ရေရှားပါးမှုပြဿနာကို ရင်ဆိုင်ကြုံတွေ့ရသဖြင့် မြို့နယ်အတွင်းမှာရှိသော ဆည်အားလုံးမှရေကို ပေးဝေရန် ဒေသခံများက တောင်းဆိုနေကြသည်။

By Admin 23 Dec 2022

မင်းပြားတွင် နွေရာသီ ရေရှားပါးပြဿနာ နှစ်စဉ်ကြုံတွေ့ရသဖြင့် ဆည်အားလုံးမှ ရေကိုပေးဝေရန် ဒေသခံများတောင်းဆို

မင်းပြားမြို့နယ်ရှိ ဂရင်ဂျိုင်ဆည်အား တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၂၃

ရခိုင်ပြည်၊ မင်းပြားမြို့မှာ နွေရာသီရောက်တိုင်း နှစ်စဉ်ရေရှားပါးမှုပြဿနာကို ရင်ဆိုင်ကြုံတွေ့ရသဖြင့် မြို့နယ်အတွင်းမှာရှိသော ဆည်အားလုံးမှရေကို ပေးဝေရန် ဒေသခံများက တောင်းဆိုနေကြသည်။

မင်းပြားမြို့နယ်မှာ မြောင်းကြီးဆည်၊ ဖလောင်းပြင်ဆည်နှင့် ဂရင်ဂျိုင်ဆည်စသည့် ဆည် ၃ ခုရှိပြီး မြို့ပေါ်နေထိုင်သူများအတွက် ဂရင်ဂျိုင်ဆည်နှင့် ဖလောင်းပြင်ဆည်မှ ရေကိုနှစ်စဉ်ပုံမှန် ပေးဝေနေခြင်း ဖြစ်သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲအတွင်း ဖလောင်ပြင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ဖြင့် ဖလောင်းပြင်ဆည်ရေပိုက်လိုင်းများ ပျက်စီးသွားသည့်အတွက် လက်ရှိတွင် ဂရင်ဂျိုင်ဆည်တစ်ခုတည်းမှ ‌ရေပေးဝေးလျက်ရှိကြောင်း သိရသည်။

ယင်းကြောင့် မင်းပြားမြို့ပေါ်ရပ်ကွက်အများစုမှာ လက်ရှိအချိန်မှစ၍ ရေအခက်အခဲနှင့်ကြုံတွေ့နေရ သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အခုတော့ ရတဲ့ရပ်ကွက်ကရတယ်၊မရတဲ့ရပ်ကွက်ကမရသေးဘူးဆိုတော့ တစ်ချို့လူတွေက ကိုယ့်ရပ်ကွက်ထဲမှာ တူးထားတဲ့ကန်ကပဲသုံးနေရတယ်။ မနှစ်ကတော့ ဖလောင်းပြင်ဆည်နဲ့ ဂရင်ဂျိုင်ဆည်ကပါရတော့ မဖူလုံရင်တောင် အခက်အခဲမကြုံခဲ့ရဘူး။ ဒီနှစ်တော့ ဖလောင်းပြင် ဆည်က ရေမပေးနိုင်ရင် ဘယ်လိုဖြစ်လာမလဲမသိသေးဘူး” ဟု အဆိုပါ ဒေသခံက ပြောသည်။

မင်းပြားဒေသခံများမှာ လက်ရှိတွင် မိမိတို့ရပ်ကွက်အတွင်းမှာရှိသည့် ရေကန်များမှရေကို သုံးစွဲရသဖြင့် လောလောဆယ်မှာ အဆင်ပြေနေသော်လည်း နွေရာသီရေခန်းခြောက်လာနိုင်သောကြောင့် ရေရှားပါးမှု နှင့်ကြုံတွေ့မည့်အရေးကို စိုးရိမ်နေကြခြင်းဖြစ်သည်။

ဂရင်ဂျိုင်ဆည်မှ ပေးဝေထားသောရေကို ရရှိသည့် ရပ်ကွက်များမှာလည်း ရေပေးဝေမှုနှောင့်နှေးသည့် အတွက် လုံလောက်စွာမရှိဘဲဖြစ်နေရသည်ဟု မင်းပြားမြို့ခံတစ်ဦးဖြစ်သူ ဒေါ်အေးခင်စောက ပြောသည်။

“ရေလာအားကောင်းပြီဆိုတာနဲ့ ရေပြတ်သွားပြီ။ ရေထပ်တင်လို့မရတော့ဘူး။ ဒီကြားထဲ စည်ပင်ကလည်း ရေပေးမယ့်အချိန်ကို ပုံသေသတ်မှတ်ထားတာမရှိတော့ ပေးချင်ချိန်ပေးတယ်။ တစ်ခါတလေဆိုရင် ရေလာတဲ့အချိန်မသိလိုက်လို့ ရေမရလိုက်တဲ့နေ့တွေလည်းရှိတယ်” ဟု ဒေါ်အေးခင်စောက ပြောသည်။

ယခုကဲ့သို့ မင်းပြားမြို့မှာ ကြုံတွေ့နေရသည့် ရေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မြို့နယ်အတွင်းမှာရှိသော အကြီးဆုံးဆည်တစ်ခုဖြစ်သည့် ရာမောင်တစ်ဖက်ကမ်းရှိ မြောင်းကြီးဆည်မှ ရေပေးဝေနိုင်ရန် လုပ်ဆောင်သင့်ကြောင်း ဒေသခံများက ထောက်ပြပြောဆိုထားကြသည်။

“ဆည်တစ်ခုတည်းက ပေးထားရတာဆိုတော့ ဆည်နားက ရပ်ကွက်တွေကျတော့ ရေလာအား ကောင်းပြီးတော့ ဝေးတဲ့ရပ်ကွက်တွေကျ ရေလာအားမကောင်းဘူး။ ဒါကြောင့် စည်ပင်တာဝန်ရှိသူတွေ အနေနဲ့လျှပ်စစ်စွမ်းအင်နဲ့ရေပေးနိုင်ဖို့အတွက်ရော တစ်ခြားဆည်တွေကပါ ရေရရှိရေးအတွက်ကိုရော အမြန်ဆုံးလုပ်ဆောင်ပေးသင့်ပါတယ်”ဟု မင်းပြားဒေသခံတစ်ဦးကပြောသည်။

မင်းပြားမြို့နယ်မှာ ရေလုံလောက်စွာပေးဝေနိုင်သည့် ဆည်များရှိနေသော်လည်း ဆည်အနီးအနားရှိ ကျေးရွာများက ဒေသခံများမှာ ရေမရရှိသဖြင့် နှစ်စဉ်ရေရှားပါးမှုဒဏ်ကို ကြုံတွေ့နေရကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရေပေးဝေမည်ဆိုပါက ဆည်အနီးပတ်ဝန်းကျင်ကျေးရွာများကိုပါ ပေးဝေနိုင်ရန် ဆောင်ရွက်သင့်ကြောင်း ကျေးလက်နေဒေသခံများက တောင်းဆိုနေကြသည်။

ဖလောင်းပြင်ရွာသားတစ်ဦးက “ ကျနော်တို့ဆိုရင် မနှစ်က ရေရှားတဲ့ပြသာနာကိုအရမ်းကြုံခဲ့ရတယ်။ အနားမှာ တစ်မြို့လုံးကိုရေပေးနိုင်တဲ့ ဆည်ကြီးတစ်ဆည်လုံးရှိနေတာတောင် ကျွန်တော်တို့က ဘာလို့ဒီလောက်ရေရှားပါးနေရတာလဲ။ တစ်ခြားရွာတွေထိ ဆိုင်ကယ်တွေနဲ့ သွားပြီးခပ်ခဲ့ရတယ်” ဟု ပြောသည်။

မင်းပြားမြို့နယ်အတွင်း ရေပေးဝေနေမှုအခြေအနေနှင့် မြို့အတွင်းရေပေးဝေနိုင်ရန် မည်သို့ ဆောင်ရွက်လျက်ရှိကြောင်း သိရှိလိုသည့်အတွက် မင်းပြားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများအား DMG ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ဗီဒီယိုများ