- လူသားချင်းစာနာမှု အကျပ်အတည်း အကြီးမားဆုံး ထိပ်တန်း ၅ နိုင်ငံတွင် မြန်မာပါဝင်
- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
ဂွမြို့နယ် ကင်းပုံတံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကင်းပုံကျေးရွာနှင့် ကမ်းသာယာကမ်းခြေသို့ ဆက်သွယ်ထားသည့် ကင်းပုံတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် ပျက်စီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
27 Nov 2024
DMG ၊ နိုဝင်ဘာ ၂၇
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကင်းပုံကျေးရွာနှင့် ကမ်းသာယာကမ်းခြေသို့ ဆက်သွယ်ထားသည့် ကင်းပုံတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် ပျက်စီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ကင်းပုံရွာတွင် တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့သည် ကမ်းသာယာဘက်သို့ တပ်ဆုတ်သွားပြီးနောက် နိုဝင်ဘာ ၂၅ ရက်တွင် ကင်းပုံတံတားကို လာရောက်ဖိုင်းခွဲခဲ့ခြင်းဖြစ်သည်။
“၂၅ ရက် ညနေလောက်ကမိုင်းခွဲလိုက်တယ်။ ကမ်းသာယာမှာရှိတဲ့ စစ်ကောင်စီတပ်တွေဆီ ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော်သားတွေ မလာနိုင်အောင် တားလိုက်တဲ့သဘောပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကမ်းသာယာကမ်းခြေ တလျှောက်တွင် စစ်ကောင်စီက အမြောက်တပ်အထိုင်ချထားပြီး နိုဝင်ဘာ လဆန်းပိုင်းမှစ၍ လူအင်အား၊ လက်နက်အင်အား အလုံးအရင်းဖြည့်တင်းကာ ခံတပ်ပြင်ဆင်ထားသည်။
ကင်းပုံတံတားမှာ ပေ ၃၅၀ ခန့် ရှည်လျားပြီး ဂွမြို့မှတစ်ဆင့် သံတွဲ၊ တောင်ကုတ်နှင့် ရခိုင်ပြည် မြို့နယ်များအပြင် ပြည်မဘက်သို့ ဆက်သွယ်သွားလာရာတွင် အရေးပါသော တံတားတစ်စင်းလည်းဖြစ်သည်။
AA ထိုးစစ်မှာ တဖြည်းဖြည်းနှင့် ဂွမြို့အနားသို့ နီးကပ်လာနေ၍ မြို့သို့ဝင်ရောက်လာနိုင်သည့် နေရာများကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် တားဆီးမှုများ ပြုလုပ်နေသည်။
ရခိုင်တွင် တိုက်ပွဲတစ်နှစ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတား ၂၈ စင်းပျက်စီးခဲ့ရကြောင်း AA က ထုတ်ပြန်ထားသည်။
“ဒါက စစ်ရေးအရဆိုတာထက် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေကို ဖျက်ဆီးတာနဲ့ အတူတူပဲ။ စစ်ကောင်စီက တံတားတွေဖျက်ဆီးထားလို့ ပြည်သူတွေမှာ ကျန်းမာရေး၊ စီးပွားရေး အဘက်ဘက်မှာ နစ်နာမှုတွေ ရှိနေတယ်” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
ဂွမြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး လက်ရှိတွင် မြို့နှင့် ၆ မိုင်ကျော်အကွာ အလယ်ချောင်းကျေးရွာအနီးတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။
တိုက်ပွဲကြောင့် မြို့နေလူထုအပါအဝင် ဒေသခံသောင်းနှင့်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အကျပ်အတည်းများနှင့်လည်း ရင်ဆိုင်နေကြရသည်။