- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
- ရခိုင်ပြည်လွတ်မြောက်ရေးနှင့် မြေစာပင်တို့၏ အတိဒုက္ခ
- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
ဂွတွင် စစ်ကောင်စီက လက်နက်အင်အား ဆက်တိုက်ဖြည့်တင်းနေ
နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဧရာဝတီဘက်မှ ဟောင်ဝစ်ဇာလက်နက်ကြီးများ၊ လက်နက်ခဲယမ်း မီးကျောက်အများအပြားကို ကားဖြင့် ဖြည်တင်းနေသည့်အပြင် ရေလမ်းကြောင်းဖြင့်လည်း ဖြည့်တင်းနေသည်။
08 Nov 2024

DMG ၊ နိုဝင်ဘာ ၈
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် စစ်ကောင်စီက လက်နက်အင်အားဖြည့်တင်းမှု ဆက်တိုက် လုပ်ဆောင်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဧရာဝတီဘက်မှ ဟောင်ဝစ်ဇာလက်နက်ကြီးများ၊ လက်နက်ခဲယမ်း မီးကျောက်အများအပြားကို ကားဖြင့် ဖြည်တင်းနေသည့်အပြင် ရေလမ်းကြောင်းဖြင့်လည်း ဖြည့်တင်းနေသည်။
“နေမှောင်စအချိန်တွေမှာ ပိုတွေ့ရတယ်။ အရင်ကဆိုရင် ကားတွေမှာ လူအပြည့်ပါတာမြင်ရတယ်။ အခုက လူလည်းအမပါဘဲ ဟောင်ဝစ်ဇာအမြောက်တွေလည်း မြင်ရတယ်။ ပြီးရင် ကားကို တာပေါ်လိပ်စတွေနဲ့ လုံးဝဖုံးထားတယ်။ တခြားလက်နက်ခဲယမ်းတွေလည်း အများကြီးပါနိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် အောက်တိုဘာလကုန်ပိုင်းမှစကာ ဂွမြို့နှင့် ၁၃ မိုင်ခန့်အကွာ ဆပ်သွားကျေးရွာမှစ၍ မြို့ဝင်လမ်းတစ်လျှောက် ခံတပ်များပြုလုပ်ကာ အင်အားဖြည့်တင်းလျက်ရှိသည်။
လက်ရှိ သယ်ဆောင်လာသော လက်နက်ခဲယမ်းများကိုလည်း ဂွမြို့အပြင်ဘက် ဆပ်သွားကျေးရွာမှစ၍ မြို့ဝင်လမ်းတစ်လျှောက်ရှိ ခံတပ်စခန်းများသို့ အဓိက ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“မြို့ထဲတပ်က လူတွေကိုလည်း အပြင်ကို ပို့တယ်။ လက်နက်၊ ခဲယမ်း၊ လူအင်အားဆိုရင်လည်း မြို့ပြင်က ခံတပ်ကို အလုံးအရင်းပို့တယ်။ အဓိကတော့ မြို့ထဲကို အလွယ်တကူ မဝင်နိုင်အောင် မြို့ပြင်ခံတပ်ကို အခိုင်အမာ လုပ်နေတာဖြစ်တယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နိုဝင်ဘာ ၆ ရက်နေ့ တိုင်ကျိုးတပ်စခန်းနှင့် ယင်းရွာအနီးရှိ ပုဂံတောင်တပ်စခန်းကို AA က သိမ်းပိုက်ခဲ့သည်။
AA ထိုးစစ်မှာ တစ်စတစ်စဖြင့် ဂွမြို့အနားသို့ နီးကပ်လာ၍ စစ်ကောင်စီက ဂွမြို့အဝင် လမ်းတစ်လျှောက်တွင် ခံစစ်အခိုင်အမာပြင်ဆင်ကာ စစ်အင်အား၊ လက်နက်အင်အား အလုံးအရင်း ဖြည့်တင်းနေခြင်းဖြစ်သည်။