ထောက်ခံစာ လုပ်ခိုင်းမှုကြောင့် ထားဝယ်တွင် ရာဘာစေးခြစ်သူများ အခက်တွေ့နေရ 

ထားဝယ်ခရိုင်ရှိ ရာဘာအစေးခြစ်လုပ်သားများကို ကျေးရွာအတွင်း နေထိုင်အလုပ်လုပ်ကိုင်ကြောင်း ထောက်ခံစာများ ပြုလုပ်ရမည်ဟု ဇန်နဝါရီလ ၃ ရက်နေ့က စပြီး မြို့နယ်ထွေအုပ်က အတင်းအကျပ် လုပ်ခိုင်းနေခြင်းဖြစ်သည်။

By Admin 05 Jan 2023

ထောက်ခံစာ လုပ်ခိုင်းမှုကြောင့် ထားဝယ်တွင် ရာဘာစေးခြစ်သူများ အခက်တွေ့နေရ 

ဓာတ်ပုံ - CIFOR/Ryan Woo

DMG၊ ဇန်နဝါရီ ၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှ ရာဘာအစေးခြစ် လုပ်သားများကို ရပ်ကွက်/ကျေးရွာထောက်ခံစာ ယူရမည်ဟု စစ်ကောင်စီအာဏာပိုင်များက ဖိအားပေးစေခိုင်းမှုတို့ကြောင့် အလုပ်သမားများ အခက်အခဲ ဖြစ်နေရသည်ဟု သိရသည်။

ထားဝယ်ခရိုင်ရှိ ရာဘာအစေးခြစ်လုပ်သားများကို ကျေးရွာအတွင်း နေထိုင်အလုပ်လုပ်ကိုင်ကြောင်း ထောက်ခံစာများ ပြုလုပ်ရမည်ဟု ဇန်နဝါရီလ ၃ ရက်နေ့က စပြီး မြို့နယ်ထွေအုပ်က အတင်းအကျပ် လုပ်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ထားဝယ်မြို့ရှိ ရာဘာခြံ အစေးခြစ်လုပ်သားတစ်ဉီးက “ ရပ်ရွာမှာ နေထိုင်ကြောင်းနဲ့ အလုပ်လုပ်ကိုင်ကြောင်း ထောက်ခံတွေ အတင်းလုပ်ခိုင်းနေတယ်။ မြို့နယ်ထွေအုပ်နဲ့ ရပ်ကျေးကအဖွဲ့တွေပေါင်းပြီး ထောက်ခံစာ လုပ်ခိုင်းတယ်။ ထောက်ခံစာမရှိရင် မလုပ်ရဘူးသဘောမျိုး ခြိမ်းခြောက်ခံနေရတယ် ” ဟု ပြောသည်။

လက်ရှိ ထားဝယ်ခရိုင်အတွင်း ရာဘာလုပ်ငန်း လုပ်ကိုင်ရာ၌ မွန်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရခိုင် စသည့် ဒေသများမှ လုပ်သားများ ခေါ်ယူလုပ်ကိုင်နေရသဖြင့် ထောက်ခံစာယူရာတွင် အခက်အခဲဖြစ်နေရကြောင်း ရာဘာခြံလုပ်ငန်းရှင်များထံက သိရသည်။

“အခုအခြေအနေက တိုက်ပွဲဖြစ်လိုက် စစ်ကြောင်းထိုးလိုက်ဆိုတော့ ဒေသခံလုပ်သားတွေ အရမ်းရှားသွားတယ်။ အခြား ပြည်မဘက်တွေက လုပ်သားတွေကို ရသလို လှမ်းခေါ်နေရတယ်။ အဲတာတောင် ထောက်ခံစာ မရှိလို့ ဆိုပြီးတော့ အတင်းငွေတောင်းပြီး လုပ်ခိုင်းတယ်။ လုပ်သားတွေရော ကျနော်တို့ လုပ်ငန်းရှင်တွေပါ အကျပ်ရိုက်ကုန်တယ် ” ဟု လောင်းလုံမြို့မှ ရာဘာခြံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထို့အပြင် ရာဘာအစေးခြစ် လုပ်ကိုင်ချိန်များမှာ ညဘက်တွင်သာ လုပ်ကိုင်ရခြင်းဖြစ်၍ လက်ရှိတွင် ဒေသအတွင်း  ညမထွက်ရအမိန့် ထုတ်ပြန်မှုကြောင့်လည်း အလုပ်လုပ်ရာတွင် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်ပေါ်နေရကြောင်း အလုပ်သမားများက ပြောဆိုသည်။

“ရာဘာခြစ်ချိန်က ညကနေ မနက်မိုးမလင်းခင် အပြီးလုပ်ရတယ်။ ရာဘာခြံကို ညဘက်သွားဖို့အတွက် ညမထွက်ရအမိန့်နဲ့က အဆင်မပြေဘူး။ တခါတလေ စစ်တပ်က လမ်းမှာမသင်္ကာရင် လှမ်းပစ်တာပါ ကြုံနေရတော့ အသက်အန္တရာယ်ရှိပေမယ့် လုပ်နေရပါတယ် ” ဟု ရာဘာအစေးခြစ် လုပ်သားတစ်ဦးက ပြောဆိုသည်။

ထားဝယ်ခရိုင် ရေဖြူ၊ လောင်းလုံ၊ သရက်ချောင်းနှင့် မေတ္တာစသည့် မြို့နယ်များမှာ ရာဘာ အများဆုံးစိုက်ပျိုးရာ ဒေသများဖြစ်ပြီး ရာဘာများကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

#F004

ဗီဒီယိုများ