ကျောင်းနေအရွယ် မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမည်

ထိုးနှံပေးမည့်ကာကွယ်ဆေးမှာ HPV ဗိုင်းရပ်စ်ပိုးအမျိုးအစား ၄ မျိုးကို ကာကွယ်နိုင်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဟု ကျန်းမာရေးဝန်ကြီးဌနာက ပြောဆိုထားသည်။ 

24 Aug 2023

ကျန်းမာရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲ။ ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန
ကျန်းမာရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲ။ ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန

DMG ၊ သြဂုတ် ၂၃  

အသက် ၉ နှစ်နှင့် ၁၂ နှစ်ကြား မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကျောင်းအခြေပြု ထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ 

သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။ 

“သားအိမ်ခေါင်းကင်ဆာဟာ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ ဖြစ်လို့ ဒီကာကွယ်ဆေးကို အသက် ၉ နှစ် အရွယ်ကနေထိုးပေးတာက အကောင်းဆုံးဖြစ်ပါတယ်။ ဒီအရွယ်မှာ ကာကွယ်ဆေးထိုးဖို့ လိုအပ်တာက ဆေးမထိုးခင်မှာ ဒီရောဂါပိုး ကူးစက်ခံရပြီးသူတွေ မဖြစ်စေဖို့နဲ့ လိင်မဆက်ဆံရသေးတဲ့ သူတွေဖြစ်တာကြောင့် အခုအသက်အရွယ်မှာ ထိုးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ပိုးကူးစက်ခံရပြီးမှ ဆေးထိုးတာကတော့ ဘာမှ မထိရောက်တော့ဘူး”  ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး မရောက်ရှိသေး၍ မထိုးနှံရသေးကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးသွားမည့် အရေအတွက်ကိုလည်း မသိရသေးဟု သူကဆက်ပြောသည်။ 

ကာကွယ်ဆေးထိုးထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် အဆိုပါ ရောဂါဖြစ်ပွားစေသည့် Human Papilloma Virus (HPV) သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားသည်။ 

ယခုထိုးနှံပေးမည့်ကာကွယ်ဆေးမှာ HPV ဗိုင်းရပ်စ်ပိုးအမျိုးအစား ၄ မျိုးကို ကာကွယ်နိုင်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဟု ဆိုထားသည်။ 

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဆေးခွဲတန်းရရှိမှုအပေါ် မူတည်ပြီး ထိုးနှံပေးသွားမည်ဟု မြောက်ဦးမြို့ ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်သန်းက ပြောသည်။ 

“လောလောဆယ်တော့ ဆေးက မရောက်သေးဘူး။ ဆေးရရင် ထိုးပေးသွားမှာပါ။ အသက် ၉ နှစ်ကနေ စလို့ ကျောင်းသူတွေကို ထိုးနှံပေးသွားဖို့ ရှိတယ်။ လူဦးရေက ဆေးရရှိမှုအပေါ် မူတည်ပြီး ထိုးပေးသွားမှာပါ” ဟု သူက ပြောသည်။ 

ရခိုင်ပြည်တွင် သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတ သိရှိနားလည်မှုမှာ အားနည်းနေသေးသည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းများက ထောက်ပြကြသည်။  

ထို့ကြောင့် သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်ပြီး အသိပညာပေးမှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း မြောက်ဦးမြို့မှ ဒေါ်ဦးတင်ရီက ပြောသည်။ 

“ကာကွယ်ဆေးထိုးပေးတာကို ဝမ်းသာပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်မှာတွေ့နေရတာက တချို့မိဘတွေဆို ကာကွယ်ဆေးထိုးပေးပါမယ်လို့ ပြောရင်တောင် မယုံကြဘူး။ သားသမီးတွေကို မထိုးခိုင်းဘူး။ ရောဂါဖြစ်အောင် ထိုးနေတာ၊ အဲလိုပုံစံမျိုးတွေ အများကြီး ပြောကြတယ်” ဟု သူက ပြောသည်။ 

သားအိမ်ခေါင်းကင်ဆာရောဂါမှာ လိင်မှတဆင့်ကူးစက်သည့်ရောဂါဖြစ်ပြီး အရွယ်မတိုင်မီ အိမ်ထောင်ပြုသူများ၊ အိမ်ထောင်ဆက်များသည့် အမျိုးသမီးများတွင် အဖြစ်များလေ့ရှိကြောင်း သိရသည်။ 

“အရွယ်ရောက်ပြီးအမျိုးသမီးတိုင်း ဒီရောဂါဖြစ်နိုင်တယ်။ အဲဒီထဲမှာ အဖြစ်အများဆုံးအုပ်စုက ငယ်ငယ်ရွယ်ရွယ် နဲ့ အိမ်ထောင်ကျသူတွေ၊ အိမ်ထောင်ဆက်များသူတွေ၊ ပြီးတော့ သူရဲ့အိမ်ထောင်ဘက်ကလည်း အိမ်ထောင် ဆက်များသူဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသက်ငယ်ငယ်ကတည်းကနေ ကာကွယ်ဆေးထိုးနှံပြီး ကာကွယ်တာက အကောင်းဆုံးပါ”  ဟု ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ အောင်စစ်ထွန်းက ပြောသည်။ 

သားအိမ်ခေါင်းကင်ဆာရောဂါ မဖြစ်မီတွင် အမျိုးသမီးများမှာ အမျိုးသားနှင့် အတူနေချိန် သွေးဆင်းခြင်း၊ ရာသီနှစ်ခုကြားဖောက်ပြီး သွေးဆင်းခြင်း၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း၊ မိန်းမကိုယ်မှ အဖြူဆင်းချိန် သွေးစပါလာခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ အမျိုးသားနှင့် အတူနေစဉ် မိန်းမကိုယ်နာကျင်ခြင်း စသည့် လက္ခဏာများ ပြသတတ်ကြောင်း သိရသည်။ 

ကမ္ဘာတစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းတွင် ၁၃ ဒသမ ၃ ဦး ရှိပြီး ရောဂါကြောင့်သေဆုံးမှုမှာ ၆ ဒသမ ၉ ဦးရှိသည်။ သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။ 

#R010