- ရခိုင်တွင် ကျောင်းသုံးပုံနှိပ်စာအုပ်များ ပြတ်လပ်ပြီး ဈေးနှုန်း မြင့်တက်နေ
- တိုက်ပွဲနီးကပ်လာ၍ ကျောက်ဖြူမြို့က ဌာနဆိုင်ရာဝန်ထမ်းများ ပြောင်းရွှေ့ရန် ကြိုးပမ်းနေ
- "တခါတလေကျရင် ကိုယ့်ဘဝကိုယ် အဆုံးစီရင် ပစ်ချင်တယ်"
- စစ်မှုထမ်းကိစ္စ ဆန္ဒပြ တောင်ကုတ်ဒေသခံများကို AA က ရှင်းပြနေ
- စပါးစိုက်ပျိုးရန် တွန့်ဆုတ်နေကြသည့် ရခိုင်တောင်သူများ
ရခိုင်ကျေးလက်အချို့တွင် ခန္ဓာကိုယ်ပေါ်၌ အလုံးအကျိတ်ထွက်သည့် ရောဂါတစ်မျိုးဖြစ်ပွားနေ
ရခိုင်ပြည်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်စသည့်မြို့နယ်များတွင် ခန္ဓာကိုယ်ပေါ်၌ အလုံးအကျိတ်ထွက်သည့် ရောဂါတစ်မျိုးဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
27 May 2025

DMG ၊ မေ ၂၇
ရခိုင်ပြည်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်စသည့်မြို့နယ်များတွင် ခန္ဓာကိုယ်ပေါ်၌ အလုံးအကျိတ်ထွက်သည့် ရောဂါတစ်မျိုးဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ထိုရောဂါဖြစ်ပွားမှုသည် တစ်ရွာတွင်အနည်းဆုံး လူ ၅ ဦးမှ ၁၀ ဦးအထိဖြစ်ပွားနေပြီး လည်ချောင်း၊ လျှာ၊ ချိုင်း(ဂျိုင်း)၊ ရင်သားနှင့် စအို၊ အင်္ဂါစပ်စသည့်နေရာများတွင် အဖြစ်များကြောင်း သိရသည်။
အလုံးအကျိတ်များကို ဒေသခံများက မှို (အကျိတ်ကင်ဆာ) ဟု ယူဆကြပြီး ရောဂါဖြစ်ပွားသူများမှာလည်း များသောအားဖြင့် တိုင်းရင်းဆေးဆရာများနှင့်သာ ကုသနေကြသည်။
"ရင်သားမှာ ဖြစ်တာပါ။ ရှက်လို့မပြရဲဘဲ ထားလိုက်တော့ ပိုဆိုးလာပြီး (နို့)ကို ထုတ်လိုက်ရတဲ့ အခြေနေထိ ဖြစ် သွားပါတယ်။ ဆရာဝန်နဲ့ပြတော့ အကျိတ်တစ်ခုလို့ပဲ ပြောခဲ့တယ်။ တိုင်းရင်းဆေးဆရာနဲ့ ပြမှပဲ (မှို) ကင်ဆာဆို တာကို သိရတာ" ဟု ကျောက်တော်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ဖြစ်ပွားနေသော အလုံးအကျိတ်ရောဂါမှာ လွန်ခဲ့သည့် ၁၀ စုနှစ်ခန့်က တစ်ရွာတွင် တစ်ဦးခန့်နှုန်းဖြင့် ရှားရှားပါးပါးတွေ့ရတတ်သော်လည်း ယခုနောက်ပိုင်းတွင် ရွာတိုင်းလိုလိုဖြစ်ပွားလာနေသည်ဟု ဒေသခံများက မှတ်ချက်ပြုနေကြသည်။
အလုံးအကျိတ်ရောဂါသည် အမျိုးသားများထက် အမျိုးသမီးများက အဖြစ်ပွားပြီး ဆေးဝါးရှားပါးမှုနှင့်အတူ မည်သည့်ရောဂါမှန်းမသိဘဲ ပုံမှန်နေထိုင်နေရာမှ ရောဂါအချိန်လွန်သွားသဖြင့် အသက်သေဆုံးမှုလည်းဖြစ်ပေါ် နေကြသည်။
မြောက်ဦးမြို့နယ်၊ အုတ်ကန်ကျေးရွာမှ ဒေါ်ဘုမယေက " ကျမ အမေမှာ လျှာမှာပေါ်တာပါ။ အစတုန်းကတော့ အကျိတ်ပေါ်လာတယ်ဆိုပြီး ပေါ့ပေါ့ပဲ နေလိုက်တာ။ အဲဒီနောက် တိုင်းရင်းဆေးဆရာနဲ့ ပြလိုက်တဲ့အခါမှ အကျိတ် ကင်ဆာဖြစ်နေပြီး နောက်ဆုံးအဆင့်ရောက်သွားပြီ သိရတာပါ။ ဆေးကုသလို့ မမီလိုက်ဘူး ၃ လလောက်ပဲ နေခဲ့ ရပြီး ဒီရောဂါနဲ့ပဲ ပြီးခဲ့တဲ့လက သေဆုံးသွားခဲ့ပါတယ်" ဟု ပြောသည်။
အလုံးအကျိတ်ရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းကို တထပ်ကျမပြောဆိုနိုင်သော်လည်း ဓာတုဆေးဝါးသုံးစွဲမှုများသော ဟင်းသီးဟင်းရွက်အပြင် အခြားအစားအသောက်များကြောင့်ဖြစ်နိုင်သည်ဟု တိုင်းရင်းဆေးဆရာများက ယေဘုယျခန့်မှန်းပြောဆိုကြသည်။
ထိုရောဂါနှင့်ပတ်သက်၍လည်း ရောဂါခံစားရသူများအနေဖြင့် ဆေးရုံ၊ ဆေးခန်းထက် ဒေသတွင်း တိုင်းရင်းဆေး ဆရာများနှင့် အဓိကကုသမှုခံယူနေကြပြီး ကုသစရိတ်လည်းကြီးမြင့်ကြောင်း ကာယကံရှင်များက ဆိုသည်။
"ကျမသမီးမှာဆိုရင် ဆေးဆရာဖက်က ၁၀ သိန်းပေးရင်ပျောက်အောင်ကုပေးမယ်ဆိုပြီး အာမခံနဲ့ ကုပေးတဲ့ အတွက်ကောင်း သွားပါတယ်။ ပြီးတော့သောက်ဆေး နှစ်လစာ ပေးလိုက်တယ်။ ဒီအကျိတ်ကင်ဆာဖြစ်တာနဲ့ ပတ်သက်လို့ ဖြစ်တဲ့ သူတိုင်းကတော့ အရမ်းစိုးရိမ်ကြတယ်။ ဒါကြောင့်လည်း ဖြစ်ပြီဆိုတာနဲ့ ဆေးဆရာနဲ့ ပြ သပြီး ကုသကြတယ်" ဟု မြောက်ဦးမြို့နယ် ခွဆုံကျေးရွာက ဒေါ်သန်းသန်းစိုးက ပြောသည်။
ဆေးပညာကျွမ်းကျင်သူတို့၏ အဆိုအရ အကျိတ်ကင်ဆာ (ဒေသအခေါ် မှို) ရောဂါသည် ပုံမှန်မဟုတ်သည့် ဆဲလ်အလွန်အမင်း ထုတ်လုပ်မှုကနေ စုမိပြီး အကျိတ်များဖြစ်ပေါ်လာခြင်းဖြစ်ကာ ကလေးငယ်မှအစ အသက်ကြီးပိုင်းထိဖြစ်ပွားတတ်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင်အဖြစ်များသည့် ကင်ဆာအမျိုးအစားများမှာ အမျိုးသားများတွင် အဆုတ်ကင်ဆာ၊ အသည်း ကင်ဆာ၊ ခံတွင်းနှင့် လည်ချောင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာတို့ အဖြစ်များပြီး အမျိုးသမီးများတွင် ရင်သားကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ အဆုတ် ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာတို့ အဖြစ်များကြောင်း သိရသည်။