- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
- အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ
- ရိုဟင်ဂျာသူပုန်ထမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်အကျပ်အတည်း ပိုဆိုးရုံသာရှိမည်
- ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၅၉ သန်းထောက်ပံ့
- စိုင်းဒင်အထက်ပိုင်းက ကျေးရွာများတွင် ကလေးအသေမွေးဖွားနှုန်း မြင့်တက်နေ
ထွက်ပြေးသွားသည့် ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ဖမ်းမိထားကြောင်း AA အတည်ပြု
စကခ (၁၅) တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်မြို့ကို AA က သိမ်းပိုက်ပြီးနောက် မောင်တောမြို့နယ်သို့ ထွက်ပြေးသွားခဲ့ပြီး နခခ(၅)စခန်းမှ အထိုင်ချကာ AA ၏ ထိုးစစ်ကို ကာလကြာရှည် ခုခံခဲ့သူဖြစ်သည်။
10 Dec 2024

DMG ၊ ဒီဇင်ဘာ ၁၀
ရခိုင်ပြည်၊ မောင်တောမြို့အနီးရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း နခခ (၅) မှ ထွက်ပြေးသွားသည့် ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၅) တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ဖမ်းမိထားကြောင်း အာရက္ခတပ်တော် (AA) က ပြောသည်။
နခခ (၅) ကို ဒီဇင်ဘာ ၈ ရက်တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားသည့် ဗိုလ်မှူးချုပ် သူရိန်ထွန်းအား လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။
“နခခ(၅) စခန်းက ထွက်ပြေးသွားတဲ့ စကခ(၁၅) တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကို ဖမ်းဆီးရမိထားပြီ ဖြစ်ပါတယ်”
၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်တွင် ဘူးသီးတောင်မြို့ကို AA က သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် မောင်တောမြို့နယ်သို့ ထွက်ပြေးသွားခဲ့သည်။
ဆက်လက်၍ မောင်တောမြို့ကို AA က ထိုးစစ်ဆင်ချိန်တွင်လည်း ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် နခခ(၅)စခန်းမှ အထိုင်ချကာ AA ၏ ထိုးစစ်ကို ကာလကြာရှည် ခုခံခဲ့သည်။
နခခ (၅) ကျရှုံးပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် တပ်သားများအပါအဝင် မွတ်ဆလင် လက်နက်ကိုင် တပ်သားရာနှင့်ချီမှာ စခန်းစွန့်ထွက်ပြေးသွား၍ AA က မောင်တောမြို့ သီဟိုဠ်ခြံအနီးတွင် ဖမ်းဆီးရမိခဲ့သည်။
“စစ်ကောင်စီရဲ့ တပ်မမှူးတွေကို ဖမ်းနိုင်တာကိုကြည့်ရင် AA ရဲ့ စစ်ရေးဗျုဟာ ဘယ်လောက်ထိ ပြောင်မြောက်လဲဆိုတာ သိနိုင်ပါတယ်။ အခု ဖမ်းမိတဲ့ သူရိန်ထွန်းဆိုရင်လည်း စစ်ကောင်စီတပ်ရဲ့ ရာထူးအကြီးဆုံး အရာရှိတစ်ဦးဖြစ်တယ်။ ဒါက တခြား စစ်ကောင်စီအကြီးအကဲတွေကို သတိပေးတဲ့ သဘောလည်း သက်ရောက်သလို လှုပ်လှုပ်ခတ်ခတ်လည်း ရှိသွားမှာပါ” ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။
ဗိုလ်မှူးချုပ် သူရိန်ထွန်း (OTC-22) သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းစစ်ဦးစီးချုပ်ရာထူးမှ တစ်ဆင့် စကခ (၁၅) တပ်မမှူးအဖြစ် ပြောင်းလဲခန့်အပ်ခံရပြီး ရခိုင်တွင် စစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၎င်းသည် ဘူးသီးတောင်၊ မောင်တောဒေသမှ မွတ်ဆလင်များအား စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများကို အဓိက ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။
လက်ရှိတွင် မောင်တောမြို့နယ်တစ်ခုလုံးကို AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်၍ ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက်လုံးကို ထိန်းချုပ်ထားကာ ရခိုင်ပြည်ပိုင်နက် နတ်မြစ်ခြမ်းအား အကန့်အသတ်မရှိ ပိတ်ဆို့ထား ကြောင်း ဒီဇင်ဘာ ၈ ရက်တွင် AA က ထုတ်ပြန်ထားသည်။