လက်နက်မချလျှင် 'အမြစ်ဖြတ်ချေမှုန်းခံရမည်' အစ္စရေးက ဟားမားစ်ကို ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာဒေသရှိ ဓားစာခံများကို ပြန်လွှတ်ပေးရန် မဖြစ်မနေ သဘောတူပေးရမည်ဟု ဟားမားစ် စစ်သွေးကြွများကို တောင်းဆိုလိုက်ပြီးသည့်နောက်၌ ယခုကဲ့သို့ အစ္စရေးကလည်း ပြောကြားလာခြင်းဖြစ်သည်။

By Admin 09 Sep 2025

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ဂါဇာရှိ မာ့ရှ်တာဟာအဆောက်အအုံကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်စဉ်။ ဓာတ်ပုံ - AFP
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ဂါဇာရှိ မာ့ရှ်တာဟာအဆောက်အအုံကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်စဉ်။ ဓာတ်ပုံ - AFP

အစ္စရေးကာကွယ်ရေးဝန်ကြီးက ဟားမတ်စ်အဖွဲ့ကို လက်နက်ချရန် ပြောကြားလိုက်ပြီး လက်နက်မချပါက အမြစ်ဖြတ်ချေမှုန်းခံရမည်ဟု တနင်္လာနေ့တွင် သတိပေးလိုက်ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာဒေသရှိ ဓားစာခံများကို ပြန်လွှတ်ပေးရန် မဖြစ်မနေ သဘောတူပေးရမည်ဟု ဟားမားစ် စစ်သွေးကြွများကို တောင်းဆိုလိုက်ပြီးသည့်နောက်၌ ယခုကဲ့သို့ အစ္စရေးကလည်း ပြောကြားလာခြင်းဖြစ်သည်။

"ဂါဇာဒေသနဲ့ နိုင်ငံရပ်ခြားဆီက ဇိမ်ခံဟိုတယ်တွေမှာ ခိုအောင်းနေကြတဲ့ ဟားမားစ် လူသတ်သမားတွေနဲ့ မုဒိမ်းသမားတွေအတွက် ဒါဟာ နောက်ဆုံးသတိပေးချက် ဖြစ်ပါတယ်။ ဓားစာခံတွေကို ပြန်လွှတ်ပေးပြီး လက်နက်ချလိုက်ပါ။ ဒီလိုမှ မဟုတ်ခဲ့ရင်တော့ ဂါဇာကို ဖျက်ဆီးပစ်ပြီး မင်းတို့တွေလည်း အမြစ်ပြတ်ချေမှုန်းခံရလိမ့်မယ်" ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်က ၎င်း၏ X (ယခင် Twitter) အကောင့်တွင် ပြောကြားထားသည်။

အစ္စရေး၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က အစ္စရေး သိမ်းပိုက်ထားသော အရှေ့ဂျေရုဆလင်တွင် သေနတ်သမားများက ဘတ်စ်ကားမှတ်တိုင်တစ်ခုကို ပစ်ခတ်ခဲ့ရာ လူ ၅ ဦး သေဆုံးသွားခဲ့ကြောင်း အသိပေးပြောကြားခဲ့ပြီး ယင်းဖြစ်ရပ်သည် ဂါဇာစစ်ပွဲစတင်ချိန်မှစ၍ ဖြစ်ပွားခဲ့သော အဆိုးရွားဆုံးဖြစ်ရပ်များအနက်မှ တစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။

ဂါဇာစီးတီးရှိ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် တစ်ညတာအတွင်း လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပြီး ယင်းမတိုင်မီ တနင်္ဂနွေနေ့ကလည်း ဂါဇာနယ်မြေတစ်ခုလုံး၌ လူ ၄၈ ဦး ထက်မနည်း သေဆုံးခဲ့သေးသည်။ ယခုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ AFP သတင်းဌာနက အစ္စရေးစစ်တပ်ထံသို့ ဆက်သွယ်ကာ မှတ်ချက်ပေးရန် တောင်းခံထားသည်။

အစ္စရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၌ ထင်မှတ်မထားသည့် မကြုံစဖူးတိုက်ခိုက်မှုများ လုပ်ဆောင်ကာ စစ်ပွဲဖြစ်ပွားစေခဲ့သော ဟားမားစ် အဖွဲ့ကလည်း သမ္မတ ဒေါ်နယ်ထရမ့်၏ မှတ်ချက်စကားများ ထွက်ပေါ်လာအပြီးတွင် ၎င်းတို့အနေနှင့် ချက်ချင်းဆွေးနွေးညှိနှိုင်း ပြောဆိုရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာက စစ်ပွဲရပ်တန့်ရန် ပြင်းပြင်းထန်ထန် ဖိအားပေးနေသော်လည်း အစ္စရေးသည် ၎င်းတို့ သိမ်းပိုက်မည်ဟု ကတိပြုထားသော ဂါဇာစီးတီးရှိ အထပ်မြင့်အဆောက်အအုံများကို ပြားပြားဝပ်သွားစေသည်အထိ တိုက်ခိုက်လုပ်ဆောင်ကာ စစ်ဆင်ရေးကို အရှိန်မြှင့်လျက်ရှိသည်။