နေရပ်ပြန်စစ်ဘေးရှောင်များ ငွေကြေးအခက်အခဲကြောင့် မိုးစပါး မစိုက်ပျိုးနိုင်သေး 

“အရင်ကဆိုရင် ကိုယ့်လယ်ကိုယ်လုပ်ပြီး စားသောက်လို့ရတယ်။ အခု နွားလည်းမရှိတော့ ဒီအတိုင်းရှာကြံပြီး ဖြစ်သလို စားနေရတယ်” 

By Admin 27 Jul 2023

နေရပ်ပြန်စစ်ဘေးရှောင်များ ငွေကြေးအခက်အခဲကြောင့် မိုးစပါး မစိုက်ပျိုးနိုင်သေး 

DMG ၊ ဇူလိုင်၂၇ 

ရခိုင်ပြည်အတွင်း စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်ချို့မှာ ငွေကြေးအခက်အခဲကြောင့် လက်ရှိအချိန်ထိ မိုးစပါး မစိုက်ပျိုးနိုင်သေးကြောင်း သိရသည်။ 

နေရပ်စွန့်ခွာစဉ်က ကျေးရွာတွင်ကျန်ခဲ့သော ကျွဲ၊ နွားများမှာ လက်နက်ကြီးပေါက်ကွဲမှု၊ သတ်ဖြတ်စားသောက်ခံရမှု စသည့် အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးသွားသဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် မျိုးစပါး၊ ကျွဲ၊ နွားနှင့် လယ်ထွန်စက် မရှိသည့်အတွက် အခက်အခဲဖြစ်နေကြသည်။  

“အရင်ကဆိုရင် ကိုယ့်လယ်ကိုယ်လုပ်ပြီး စားသောက်လို့ရတယ်။ အခု နွားလည်းမရှိတော့ ဒီအတိုင်းရှာကြံပြီး ဖြစ်သလို စားနေရတယ်” ဟု မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ဒေါ်လှဖြူက ပြောသည်။  

တောတောင်များသို့သွားရောက်ပြီး သစ်ဝါးခုတ်ကာ ဝမ်းစာရှာဖွေရန် မိုင်းအန္တရာယ်ကို စိုးရိမ်နေရသည့်အထဲ မိရိုးဖလာ လယ်ယာလုပ်ငန်းကိုလည်း မလုပ်ကိုင်နိုင်သဖြင့် စားဝတ်နေရေးအခက်ကြုံနေကြောင်း နေရပ်ပြန်ရှောင်များက ပြောသည်။ 

ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာမှ ဦးဖိုးအောင်က “လယ်မြေကရှိပေမယ့် ထွန်ဖို့အတွက် နွားမရှိဘူး။ စက်နဲ့ထွန်ဖို့ကလည်း ငွေကြေးအဆင်မပြေတော့ မိုးစပါးလည်း မစိုက်နိုင်ဘူး။ ငွေမရှိတော့ ဘာမှမလုပ်နိုင်ဘူး” ဟု ပြောသည်။  

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့သူများမှာ ရှာဖွေစုဆောင်းထားသော ပစ္စည်းဥစ္စာများကို ဆုံးရှုံးသွားခဲ့ရဖြင့် နေရပ်ပြန်ချိန်တွင် လုပ်ကိုင်စားသောက်ရေး အဆင်မပြေဖြစ်နေကြပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေသည်။ 

ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာမှ ဦးဝင်းမောင်က “ကျနော်တို့မှာ အရင်ကတည်းက လယ်ယာအလုပ်ကို မှီခိုခဲ့တယ်။ အခု လယ်လည်းမလုပ်နိုင်တော့ ဝမ်းရေးဖူလုံမှု တော်တော်စိုးရိမ်နေရတယ်” ဟု ပြောသည်။ 

ရခိုင်ပြည်တွင် တိုက်ပွဲရပ်တန့်ပြီးနောက် စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင် ၇ ထောင်ကျော်ရှိပြီး အများစုမှာ လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများဖြစ်သည်။  

စစ်ကောင်စီက နေရပ်ပြန် အိမ်ထောင်စုတစ်စုကို ငွေကျပ် ၅ သိန်းနှင့် စားနပ်ရိက္ခာတစ်လစာ ထောက်ပံ့ပေးပြီး မိမိကျေးရွာသို့ရောက်ရှိပါက ရိက္ခာနှစ်လစာ ထပ်မံထောက်ပံ့ပေးမည့် ကတိကဝတ်ဖြင့် နေရပ်ပြန်ခိုင်းခဲ့သည်။ 

သို့သော်လည်း ရိက္ခာနှစ်လစာကို လက်ရှိအချိန်ထိ ထောက်ပံ့ခြင်းမရှိသေးဘဲ နေရပ်ပြန်စဉ်က ထောက်ပံ့ပေးသော ငွေကြေးတချို့နှင့် စားနပ်ရိက္ခာများမှာလည်း ကုန်သွားပြီဖြစ်၍  စားဝတ်နေရေးအတွက် စိန်ခေါ်မှု ရှိနေကြသည်။ 

“အခု အလုပ်တစ်ခုရဖို့က ဘယ်လိုမှအဆင်မပြေဘူး။ တစ်ရက်လုပ်စာတစ်ရက်စားရဖို့ မနည်းရုန်းကန်နေရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဦးဝင်းမောင်က ပြောသည်။

နေရပြန်စစ်ဘေးရှောင်များ လယ်ယာမလုပ်ကိုင်နိုင်သေးသည့် ကိစ္စနှင့်ပတ်သက်၍ စီစဉ်ထားရှိမှုကို သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။  

လက်ရှိ ရခိုင်ပြည်အတွင်း တိုက်ပွဲများငြိမ်သက်နေသော်လည်း အခက်ခဲအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ (၆) သောင်းကျော်အထိ ရှိနေသေးသည်။

#I001

ဗီဒီယိုများ