- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
- ရခိုင်ပြည်လွတ်မြောက်ရေးနှင့် မြေစာပင်တို့၏ အတိဒုက္ခ
- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
- အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
စစ်တွေ ကန်တော်ကြီးတွင် ရေခမ်းခြောက်နေပြီဖြစ်၍ ရေရှားပါးမှုနှင့်ကြုံတွေ့လာရမည်ကို မြို့ခံများစိုးရိမ်နေ
စစ်တွေကန်တော်ကြီးမှာ မိုးရေလှောင်ကန်ဖြစ်ပြီး စိမ့်ရေမထွက်သဖြင့် ရေကုန်ခမ်းသွားလျှင် အစားထိုးဖြည့်တင်းရန် အခက်အခဲလည်းရှိနေပြီး ကန်တော်ကြီးရေခမ်းခြောက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာနေသည်။
24 Feb 2023
.jpg)
DMG ၊ ဖေဖော်ဝါရီ ၂၄
စစ်တွေမြို့ပေါ်ရပ်ကွက်များကို အဓိက ရေဖြန့်ဝေပေးနေသည့် ကန်တော်ကြီးတွင် ရေခမ်းခြောက်နေပြီဖြစ်သဖြင့် နွေရာသီကာလအတွင်း ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့လာရမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။
လက်ရှိမှာ ကန်တော်ကြီး၊ ဓညဝတီ၊ အာဂျိတ်တော်ကုန်း၊ ရွာသာယာ၊ မိဇံ စသည့်ရပ်ကွက်တို့တွင် ကန်တော်ကြီးရေ ပုံမှန်မရရှိတော့သဖြင့် သောက်သုံးရေအခက်အခဲနှင့် စတင်ကြုံတွေ့နေရပြီဖြစ်ကြောင်း သိရသည်။
ကန်တော်ကြီးရေမရရှိသည့်အတွက် ရေတိုင်ကီတစ်ဘူးကို ငွေကျပ် ၄,၀၀၀ အထိပေးကာ ဝယ်ယူသုံးစွဲနေရသည်ဟု စစ်တွေမြို့၊ ဓညဝတီရပ်ကွက်မှ ဒေါ်ယီယီသန်းက ပြောသည်။
“ရေတိုင်ကီတစ်ဘူး ၄,၀၀၀ ကျပ်ပေးဝယ်နေရတော့ တစ်လဆိုရင် လေးသောင်းဖြစ်သွားပြီ။ မတတ်နိုင်သူတွေဆိုရင် ခက်ခဲတယ်လေ။ ရေတစ်ဘူးကိုလည်း တစ်ရက်ပဲသုံးရတယ်။ ပြီးရင် သောက်ရေအတွက်လည်း သီးသန့်ဝယ်သောက်နေရတယ်လေ” ဟု ပြောသည်။
စစ်တွေမြို့တွင် ကန်တော်ကြီးရေ ပုံမှန်မရရှိသည့်ရပ်ကွက် ၅ ခုထက်မနည်းရှိနေပြီး ရေရရှိသည့် ရပ်ကွက်များတွင်လည်း အိမ်တိုင်းစေ့မရရှိကြကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ကန်တော်ကြီးရပ်ကွက်ရှိ လမ်းမကြီးတစ်လျှောက်နေထိုင်သူများမှာ ထိုကန်မှရေကို မရရှိသည့်အတွက် အနီးအနားရှိ ဘုန်းကြီးကျောင်းရေကန်များမှ တွန်းလှည်းများဖြင့် သယ်ယူအသုံးပြုနေရကြောင်း ဒေသခံများက ပြောသည်။
ကန်တော်ကြီးရပ်ကွက်မှ ဒေါ်သန်းနုရီက “ကန်တော်ကြီး အောက်ဘက်ကသူတွေဆိုရင် အဝီစိရေကို ဝယ်လို့သုံးကြတယ်။ ကျမတို့က လမ်းမဘက်ကဆိုတော့ အဝီစိတွင်းကရေကို ယူဖို့မလွယ်ဘူး။ ပိုက်နဲ့သွယ်ဖို့ကမလွယ်ဘူး။ ကန်တော်ကြီးအနီးမှာနေရပေမယ့် ကန်တော်ကြီးရေကို မသုံးရဘူး” ဟု ပြောသည်။
ကန်တော်ကြီးရေကို အသုံးပြုနေကြသူများမှာ မိုးရာသီကာလတွင် လိုသလိုသုံးစွဲနိုင်သော်လည်း နွေရာသီရောက်တိုင်း ရေအခက်အခဲနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။ စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင်ဆိုလျှင် ရက်ကွက်ပေါင်း ၁၉ ခုအထိရှိပြီး ကန်တောကြီးရေ လုံးဝသုံးစွဲခွင့်မရရှိသဖြင့် အဝီစိရေကိုသာ အားကိုးနေကြရသည်။
စစ်တွေကန်တော်ကြီးမှာ မိုးရေလှောင်ကန်ဖြစ်ပြီး စိမ့်ရေမထွက်သဖြင့် ရေကုန်ခမ်းသွားလျှင် အစားထိုးဖြည့်တင်းရန် အခက်အခဲလည်းရှိနေပြီး ကန်တော်ကြီးရေခမ်းခြောက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာနေသည်။
ယခုနှစ်တွင် နွေရာသီကူးပြောင်းစမှာပင် ရေရှားပါးမှုကိုကြုံတွေ့နေရသဖြင့် ပြည်နယ်စစ်ကောင်စီအနေဖြင့် တစ်စုံတစ်ရာဖြေရှင်းပေးရန် မြို့ခံများက တောင်းဆိုနေကြသည်။
“နှစ်စဉ်နှစ်တိုင်းကတော့ ကန်တော်ကြီးကို ဘတ်ဖိုးတွေနဲ့ တူးကြတာတော့ မြင်တယ်။ စစ်တွေမြို့မှာ အခုက လူဦးရေတိုးလာတော့ ရေတွေဟာ လုံလုံလောက်လောက် မဖြစ်ဘူး။ မိုးရာသီကို ရောက်အောင်ထိ ရေက မလုံလောက်ဘူး။ ရေအခက်အခဲရှိတယ်။ ဒါကြောင့် ရေနဲပတ်သက်ပြီး စနစ်တကျ လုံလုံလောက်လောက် သန့်သန့်ရှင်းရှင်းလေးဖြစ်အောင်တော့ လုပ်စေချင်တယ်” စစ်တွေမြို့ဒေသခံ မဌေးဌေးကပြောသည်။
ကန်တော်ကြီးရေကန်အခြေအနေနှင့် ပတ်သက်၍ မည်သို့၊ မည်ပုံဆောင်ရွက်မည်ကို သိရှိနိုင်ရန်အတွက် ပြည်နယ်စစ်ကောင်စီ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒေါ်ခင်ခင်စိုးနှင့် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသဖြင့် လက်တလောတွင် တစ်စုံတစ်ရာတုန့်ပြန်ချက် မရရှိသေးပေ။
စစ်တွေမြို့တွင် ရေရှားပါးမှုမဖြစ်စေရန်အတွက် ကန်တော်ကြီးရေကန်ကို နှစ်စဉ်နှစ်တိုင်း တူးဖော်မှုများလုပ်ဆောင်သော်လည်း နွေရာသီရောက်တိုင်း မြို့ပေါ်ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရဆဲဖြစ်သည်။
#I001