ရခိုင်တွင် ကုလားပဲသီးနှံ စမ်းသပ်စိုက်ပျိုးမှု အောင်မြင်နေ

ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှစတင်ကာ ကုလားပဲအပြင် စားတော်ပဲကိုပါ စမ်းသပ်စိုက်ပျိုးနေခြင်းဖြစ်သည်။

By Admin 18 Jan 2023

ရခိုင်တွင် ကုလားပဲသီးနှံ စမ်းသပ်စိုက်ပျိုးမှု အောင်မြင်နေ

စစ်တွေမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် ကုလားပဲသီးနှံများအား တွေ့ရစဉ်။ 

DMG ၊ ဇန်နဝါရီ ၁၈

ပြည်မဘက်မှ အဓိကမှာယူသုံးစွဲနေရသည့် ကုလားပဲကို ရခိုင်ပြည်အတွင်းမှ မြို့နယ်များတွင် စမ်းသပ်စိုက်ပျိုးလျက်ရှိပြီး လက်ရှိတွင် စမ်းသပ်စိုက်ပျိုးမှု အောင်မြင်နေကြောင်း ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှစတင်ကာ ကုလားပဲအပြင် စားတော်ပဲကိုပါ စမ်းသပ်စိုက်ပျိုးနေခြင်းဖြစ်ပြီး လက်ရှိတွင် ကုလားပဲ စမ်းသပ်စိုက်ပျိုးမှုမှာ အောင်မြင်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဦးထွန်းမြင့်က DMG ကို ပြောသည်။

“အခုဆိုရင် စားတော်ပဲနဲ့ ကုလားပဲကို မြို့နယ်တိုင်းမှာ စမ်းသပ်စိုက်ပျိုးလျက် ရှိပါတယ်။ အဲဒါတွေဟာ ရခိုင်ပြည်နယ်ကို တခြားတိုင်းနဲ့ပြည်နယ်တို့က စီးဝင်လာတဲ့ ကုန်ပစ္စည်း၊ သီးနှံထွက်ကုန်တစ်ခုဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မှာသာ စိုက်ပျိုးမယ်ဆိုရင် လယ်သမားတွေ အကျိုးအမြတ် ပိုမိုရနိုင်မယ်ထင်ပြီးတော့ မနှစ်ကစပြီး စမ်းသပ်စိုက်ပျိုး ဆောင်ရွက်လျက်ရှိပါတယ်။ ကုလားပဲကတော့ အောင်မြင်မှုရှိပြီးတော့ စားတော်ပဲကတော့ ဆက်လက်ပြီး စမ်းသပ်ဆောင်ရွက်ရမယ့် အခြေအနေရှိတယ်”  ဟု ၄င်းက ပြောသည်။

ကုလားပဲသီးနှံကို အောက်တိုဘာလလယ်မှ နိုဝင်ဘာလအတွင်း ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြပြီး စိုက်ပျိုးသက်တမ်း (၃) လခွဲအကြာတွင် ရိတ်သိမ်းကြကြောင်း သိရသည်။ 

၂၀၂၁ ခုနှစ်တွင် ကုလားပဲကို စတင်စမ်းသပ်စိုက်ပျိုးရာ၌ ၆ ဧကခန့်သာ စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် တင်း ၁၀ ခန့်ထွက်ရှိခဲ့ကြောင်း သိရသည်။  ၂၀၂၂ ခုနှစ်တွင် ဧက ၁၀ ကျော် စိုက်ပျိုးလာနိုင်သဖြင့် တစ်ဧကလျှင် ၁၂ တင်းခန့်ထွက်နိုင်ကြောင်း ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခန့်မှန်းထားကြသည်။

“ကုလားပဲမှာပါတဲ့ ပဲမြစ်ဖူးတွေက နိုက်ထရိုဂျင်ကို စုဆောင်းပြီး မြေကြီးမှာစုပေးတဲ့အတွက် မြေကြီးရဲ့ အာဟာရဖွံ့ဖြိုးမှုဟာ တဖြည်းဖြည်းတိုးတက်လာပြီးတော့ ပဲသီးနှံကို တစ်နှစ်ထက်တစ်နှစ် ပိုပြီးအောင်မြင်အောင် ဖန်တီးလာနိုင်ပါတယ်။ ဒါကြောင့် ပဲသီးနှံစိုက်ပျိုးမယ်ဆိုရင် တဖြည်းဖြည်း တစ်နှစ်ထက်တစ်နှစ် ကျင့်ယူရတဲ့ သီးနှံဖြစ်တဲ့အတွက် စားတော်ပဲသီးနှံကလည်း တကယ်စိုက်မယ်ဆိုရင် နောက်နှစ်တွေမှာ အောင်မြင်သွားမှာ ဖြစ်ပါတယ်" ဟု ဦးဦးထွန်းမြင့်က ပြောသည်။ 

လက်ရှိတွင် စမ်းသပ်စိုက်ပျိုးထားသည့် ကုလားပဲများကို လာမည့် မတ်လအတွင်း ရောင်းချသွားမည်ဖြစ်ကာ ကုလားပဲစိုက်ပျိုးသည့် နည်းပညာများကိုလည်း ရခိုင်ပြည်မှ တောင်သူလယ်သမားများထံ လာမည့် ဖေဖော်ဝါရီလတွင် မျှဝေပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရခိုင်မှ တောင်သူလယ်သမားများမှာ သီးနှံများကို တပိုင်တနိုင် စိုက်ပျိုးကြသည့်အတွက် စီးပွားဖြစ် စိုက်ပျိုးမည်ဆိုပါက မြေနေရာ၊ စက်ကိရိယာ စသည့် လိုအပ်ချက်များ ရှိနေသည်ဟု မောင်တောမြို့နယ်မှ တောင်သူ ဦးမင်းအောင်က ပြောသည်။

“အခုလို ရခိုင်မှာ ကုလားပဲစိုက်ပျိုးလို့ အောင်မြင်တာ ဝမ်းသာစရာပါ။ ဒါပေမဲ့ ကျနော်တို့က တပိုင်တနိုင် ကိုယ့်အားနဲ့ကိုယ်စိုက်တာ။ စီးပွားဖြစ်စိုက်မယ်ဆိုရင် မြေနေရာတွေ၊ စက်ကိရိယာတွေ အများကြီးလိုအပ်တယ်” ဟု ၎င်းက ပြောသည်။  

ရခိုင်ပြည်သည် ပထဝီအနေအထားအရ စိုက်ပျိုးမြေကောင်းမွန်သည့် ဒေသတစ်ခုဖြစ်သည့်အလျောက် စိုက်ပျိုးဖြစ်ထွန်းလာသည့် သီးနှံများကိုရောင်းချရန် ဈေးကွက်ရှိဖို့လိုအပ်ကြောင်း တောင်သူများက ပြောဆိုသည်။ 

“ဘယ်လို ပဲအမျိုးအစားကိုစိုက်စိုက် အောင်မြင်တာနဲ့အတူ စျေးကွက်နဲ့ ဝယ်လိုအားရှိဖို့က ပိုပြီးအရေးကြီးပါတယ်။ ကျနော်တို့ရခိုင်မှာ ဘာပဲစိုက်စိုက် စိုက်တာကတော့ အများအားဖြင့် အောင်မြင်မယ်လို့ မျှော်လင့်တယ်။ အရေးကြီးတာက စိုက်လို့ဖြစ်ထွန်းတာကို ဝယ်ယူသူရှိဖို့လိုတယ်။ စျေးကွက်ကောင်းဖို့လိုတယ်”  ဟု ကျောက်တော်မြို့နယ်မှ တောင်သူလယ်သမား ဦးအောင်ကျော်မြက ပြောသည်။

ရခိုင်ပြည်တွင် မိုးစပါးကိုသာ အဓိက စိုက်ပျိုးလျက်ရှိကြပြီး သီးထပ်စိုက်ပျိုးမှု လျော့နည်းနေသည့်အတွက် တောင်သူလယ်သမားများအနေဖြင့် သီးထပ်စိုက်ပျိုးမှုကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နိုင်မှသာ ၎င်းတို့၏ လူနေမှုဘဝမြင့်မားကာ ဝင်ငွေလည်း ယခင်ထက် တိုးလာမည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြောသည်။ 

#R005

ဗီဒီယိုများ